ဟိန္ဒားရွာက ဘိလိယက်ခုံမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ခြိမ်းခြောက်ငွေတောင်း
ဟိန္ဒားရွာက ဘိလိယက်ခုံမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ခြိမ်းခြောက်ငွေတောင်း
နာမည်ကျော် သတ္တုတွင်းတည်ရှိတဲ့ ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခု ဝင်ရောက်လာပြီး ရွာထဲကဘိလိယက်ခုံမှာ လက်နက်ပြ ခြိမ်းခြောက် ငွေတောင်းခံသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်က အခုလ ၃ ရက်နေ့ ညပိုင်းက ဖြစ်ခဲ့တာ ဖြစ်ပြီး ငွေတောင်းတဲ့ အဖွဲ့မှာလူအင်အား ၁၀ ဦးဝန်းကျင်ပါတယ်လို့ ရွာခံတွေက ပြောပါတယ်။
သူတို့ဟာ သေနတ်မောင်းတင်ပြီး ဘိလိယက်ခုံမှာရှိတဲ့သူတွေကိုချိန်ရွယ်တာ၊ ဆဲဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“အရက်တွေတော်တော်မူးနေကြတယ်။ လောင်းကစားလုပ်လို့မရဘူးလို့ ပြောတယ်။ ဆဲတာလည်း တော်တော်လေးဆဲတယ်” လို့ ဟိန္ဒားရွာခံတစ်ဦးက ပြောပါတယ်။
အဲဒီအဖွဲ့ဟာ ဘိလိယက်ခုံကိုရိုက်ဖျက်ပြီး ဆိုင်ရှင်ဆီကနေ ငွေကျပ် ၃ သိန်းနဲ့ ဘိလိယက်ထိုးနေသူလေးဦးဆီကနေ ငွေကျပ် ၁ သိန်းစီတောင်းယူသွားတယ်လို့ ရွာခံရဲ့ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် သူတို့ဆိုင်ထဲဝင်လာချိန် လန့်ပြီးထွက်ပြေးတဲ့ ရွာသားတစ်ဦးကိုလည်း ဖမ်းခေါ်ပြီး ကန်ကျောက်ခဲ့သေးတယ်လို့ ရွာခံက ပြောပါတယ်။
အခုလိုလုပ်ဆောင်သွားတာဟာ ကရင်ဘာသာစကားပြောဆိုတဲ့ အဖွဲ့ဖြစ်တယ်လို့ ရွာခံတွေကပြောပါတယ်။
ရွာထဲမှာ အခုလိုလုပ်ဆောင်သွားတာနဲ့ ပတ်သက်ပြီးဒေသခံတွေကတော့ စစ်တပ်နဲ့ လုပ်ရပ် အတူတူပဲဖြစ်တယ်လို့ ပြောဆို ဝေဖန်နေကြပါတယ်။
ဟိန္ဒားကျေးရွာဟာ နာမည်ကျော် ဟိန္ဒားသတ္တုတွင်းရှိတဲ့ ကျေးရွာဖြစ်ပြီး ( ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ) အိမ်ထောင်စုတစ်ထောင်ကျော်ရှိတဲ့ရွာလည်းဖြစ်ပါတယ်။
The Tanintharyi Times
