တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ ကိုးကန့်တပ်မတော်ပြော
တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ ကိုးကန့်တပ်မတော်ပြော
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းမှုအောက်မှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ကိုးကန့်တပ်မတော် MNDAA က မနေ့ညက ထုတ်ပြန်ပါတယ်။
ကိုးကန့်တပ်မတော် MNDAA ဟာ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း မနေ့က ထုတ်ပြန်ခဲ့အပြီး MNDAA အနေနဲ့ ရောက်တဲ့နေရာမှာ ချက်ချင်းအပစ်အခတ်ရပ်စဲကာ စစ်ကောင်စီတပ်တွေကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်မှာ လားရှိုး အပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ MNDAA အနေနဲ့ တရုတ်ရဲ့ ကြိုးပမ်းမှုအပေါ် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
စစ်ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားနေရတဲ့ ပြည်သူလူထုရဲ့ အကျိုးကို ငဲ့ညာထောက်ထားတာ၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့၊ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ဖို့အတွက် MNDAA ဘက်က အခုလို အပစ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ သဘောထားထုတ်ပြန်တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံအနှံ့ဖော်ဆောင်နေတဲ့ လေကြောင်းနဲ့ မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းပေးရမှာ ဖြစ်တယ်လို့လည်း MNDAA ဘက်က ပြောပါတယ်။
ဒါ့အပြင် တွေ့ဆုံဆွေးနွေးရာမှာ ကိုးကန့်တပ်မတော်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခတွေနဲ့ အမြင်သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ MNDAA က မျှော်လင့်ထားပါတယ်။
လက်ရှိမှာတော့ MNDAA ဟာ တဖက်သတ် အပစ်ရပ်ပြီး နိုင်ငံရေးအရ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို အားပေးထောက်ခံပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို အရင်ကအတိုင်း ဆက်လက်စွဲကိုင်သွားမယ်လို့ ပြောဆိုပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNTJP/MNDAA ဟာ နိုင်ငံတော်ကနေ ခွဲထွက်ပြီး နိုင်ငံတော်အသစ် ထူထောင်တာကို ပြုလုပ်မှာ မဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို တောင်းဆိုခြင်းသာ ဖြစ်သလို နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားပါမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲက တရုတ်-မြန်မာ နယ်စပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကိုးကန့်တပ်မတော် MNDAA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ဟာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ တရုတ်အစိုးရက ဖိအားပေးမှုတွေ ရှိလာပြီးနောက်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း TNLA ကနေ တရုတ်ရဲ့ ကြားဝင်မှုကို လက်ခံကြောင်း ထုတ်ပြန်ထားတာရှိပါတယ်။
MNDAA ၊ TNLA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့တို့ဟာ ရှမ်းမြောက်ရှိ ပြည်သူတွေကို ငဲ့ညာသောအားဖြင့် တရုတ်လိုလားတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံရေးကို လက်ခံကြောင်း ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကလည်း ပိုမိုပြီး လုပ်ဆောင်လာနေကြောင်း နေ့စဉ် လေကြောင်းတိုက်ခိုက်မှု သတင်းအချက်အလက်တွေအရ သိရပါတယ်။
တွေ့ဆုံဆွေးနွေးရေးကို လက်ခံကြောင်း TNLA ဘက်က ထုတ်ပြန်ပြီး နောက်ရက်မှာပင် TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ ကျောက်မဲမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
The Tanintharyi Times
