အရှေ့တောနယ်က စစ်ကောင်စီတပ်သားတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံးခဲ့
အရှေ့တောနယ်က စစ်ကောင်စီတပ်သားတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံးခဲ့
ထားဝယ်ခရိုင်၊ အရှေ့တောနယ်က ပြန်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (DEF-PDF)အဖွဲ့ထံကသိရပါတယ်။
အခုလ ၁ရက်နေ့ ညနေ ၆နာရီလောက်မှာ ကျောက်မဲတောင်ကျေးရွာဘက်ကနေထွက်လာတဲ့ ပျူစောထီးနဲ့စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်ကို ဝကုန်းကျေးရွာနဲ့ သင်္ကန်းတုန်းကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက်ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်က ၃ ဦးခန့်သေဆုံးပြီး ဒဏ်ရာရှိသူအများအပြားနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့လည်း အဖွဲ့တာဝန်ရှိသူကဆိုပါတယ်။
“ကျနော်တို့ဘက်က ၄၀မမ တွေမောင်းပြန်တွေနဲ့ပစ်တယ်။ ညမှောင်လာတော့ ပစ်တဲ့နေရာကို မီးရောင်မြင်ပြီး ဒီကောင်တွေပြန်ဝိုင်းသေးတယ်။ ကျနော်တို့ ၄၀ မမနဲ့ပြန်ပစ်လို့ပြန်ဆုတ်သွားတယ်” လို့ (DEF- PDF) ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုရောင်နီကပြောပါတယ်။
အခုတိုက်ခိုက်မှုကို ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (DEF-PDF)၊ သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ) နဲ့ KawThooLei Army တပ်ခွဲ(၃)တပ်ခွဲ(၆)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ပြန်ဆုတ်ခွာချိန် ဝကုန်းကျေးရွာမှာ ဒဏ်ရာရရှိသူတွေကိုဆေးကုသသွားခဲ့တဲ့ ဆေးဘက်ဆိုင်ရာအသုံးအဆောင်တချို့လည်းကျန်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဝကုန်းရွာ ၂၃မိုင်အနီးအနားက နေအိမ်တွေကို မွှေနှောက်ရှာဖွေတာ၊ အိမ်ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းခိုးယူတာတွေကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်သားတွေကို အဲဒီတိုက်ခိုက်မှုမတိုင်ခင် ညနေ ၅ နာရီလောက်မှာလည်း ဥသြစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
The Tanintharyi Times
