“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
နိုဝင်ဘာ ၄ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“မြဝတီ-ကော့ကရိတ်-ဘားအံလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ”
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတစ်လျှောက်ရှိ လမ်းတံတားတွေ၊ မြို့ဝင်မြို့ထွက်တွေနဲ့ အာရှလမ်းမကြီးတစ်လျှောက်မှာ တပ်မ ၂၂ က စစ်ကောင်စီ စစ်ကူစစ်ကြောင်းတွေ ခဲယမ်းနဲ့ အင်အားဖြည့်တင်းတာတွေ ရှိနေတယ်လို့ KIC သတင်းအရသိရပါတယ်။ မြဝတီမြို့ ဘက်မှာ စစ်တပ်စခန်းတွေကို ယခုရက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ယခုလို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။ ဒါ့အပြင် ဒေသတွင်း နေထိုင်သူတွေနဲ့ ကုန်သည်၊ ကုန်ကားသမားတွေ က၎င်းတို့ရဲ့ ယာဉ်နဲ့ ကုန်တွေကို နေရာပြောင်းရွှေ့နေကြကြောင်းလည်း ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောထားပါတယ်။ ကရင်ပြည်နယ်အတွင်း ယခုလဆန်းမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်တဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ နေရာစုံတိုက်ပွဲများဖြစ်ပွါးလျက်ရှိပါတယ်။
“ဂန့်ဂေါနယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၆ဦးသေ၊ ၁၁ဦးလက်နက်ချ”
မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သား ၆ဦးသေဆုံးကာ ၁၁ဦးလက်နက်ချအညံ့ခံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။ အခုလ ၃ ရက်နေ့ မနက်က မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(၁/၇/၁၁/၁၂/၁၄/၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)နဲ့ နယ်မြေခံ ပကဖ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ သေနတ်(၁၇)လက် အပါအဝင် လက်နက်ကြီး၊ ကျည်ဆံတွေနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
“စစ်ကောင်စီတပ်ကပစ်ခတ်နဲ့ လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျရောက်ပေါက်ကွဲပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ”
စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ စတင်ကာ လက်နက်ကြီးဆယ့်ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ရဲ့ တစ်ဖက်ကမ်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကို The 74 Media က အတည်ပြုနိုင်ဖို့ ကျိုးစားနေပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေး အတွင်း စစ်ကောင်စီ တပ်စခန်း (၁၀၆)ခု သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို”
စစ်ဆင်ရေးက ၉ ရက်မြောက်ရောက်ရှိလာပြီဖြစ်ပြီး MNDAA က ကိုးကန့် ဒေသတွင်းအခြေချတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဒီကနေ့မှာ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ၊ ရှောက်ကန်ထန်နေရာရှိ စစ်ကောင်စီတပ် စခန်း(၃)ခုကို တပြိုင်နက်ထိုးစစ်တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။ ဒီကနေ့ည သတင်းထုတ်ပြန်ချိန်အထိ တပ်စခန်း အကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း(၁၀၆)ခုကို အောင်မြင်စွာသိမ်းယူရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“ကောလင်းမြို့မှာ ပြင်းထန်နေတဲ့တိုက်ပွဲကြား ပြည်သူငါးထောင်ခန့် ပိတ်မိနေ”
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတာကြောင့် မြို့ပေါ်မှာ ပိတ်မိနေဆဲဖြစ်တဲ့ ပြည်သူငါးထောင်ခန့်ကို ဆက်ပြီး ရှာဖွေကယ်ထုတ် ပေးနေရတယ်လို့ RFA ကသတင်းဖော်ပြပါတယ်။ မနေ့က မနက် ၃ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေ ကောလင်းမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်ကောင်စီ တပ်သားတွေ ရှိနေတဲ့ အ.ထ.က (၁) ကျောင်းဝင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲပြင်းထန်နေတာပါ။ ဒီကနေ့မှာတော့ စစ်ကောင်စီတပ်သားတွေ ဆက်ရှိနေတဲ့ ကောလင်းမြို့မရဲစခန်းနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ကာကွယ်ရေးတပ်ဖွဲ့တွေ မကပ်နိုင်အောင် လေကြောင်းက အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် ပြည်သူတွေပိတ်မိနေတာလို့ ဆိုပါတယ်။
“ကော်သူးလေနယ်မြေမှာ ကိုးလအတွင်း ပြည်သူ ၁၄၀ သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်”
ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေနယ်မြေအတွင်း အခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း စစ်ကောင်စီတပ်ကြောင့် ဒေသခံ ၁၄၀ သေဆုံးခဲ့ပြီး ၄၆၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က မနေ့ကထုတ်ပြန်ပါတယ်။ ကိုးလအတွင်း လေကြောင်းတိုက်ခိုက်မှု (၃၆၅) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ ပြည်သူ ၂၆ ဦး သေဆုံးကာ ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။စစ်ကြောင်းထိုးရင်း ပစ်ခတ်မှု၊ နင်းမိုင်းနဲ့ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ၅၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ရာနဲ့ချီ ပျက်စီးခဲ့သလို ပြည်သူ ၆၀ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၃၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။
The Tanintharyi Times

