လုပ်သားရှားပါးမှုအပြင် စက်သုံးဆီစရိတ်ကြီးမြင့်လာမှုကြောင့် ဥယျာဥ်ခြံလုပ်ငန်းအချို့ ခြံရှင်း၊ တောခုတ်အလုပ်တွေပါ ရပ်နားထားရ
လုပ်သားရှားပါးမှုအပြင် စက်သုံးဆီစရိတ်ကြီးမြင့်လာမှုကြောင့် ဥယျာဥ်ခြံလုပ်ငန်းအချို့ ခြံရှင်း၊ တောခုတ်အလုပ်တွေပါ ရပ်နားထားရ
လုပ်သားရှားပါးမှုနဲ့အတူ စက်သုံးဆီစရိတ်ကြီးမြင့်လာတဲ့အတွက် ခြံလုပ်ငန်းတွေရပ်နားလာရတဲ့အပြင် အချို့ဆို တောခုတ်ခြံရှင်းတာတွေတောင်မှ မလုပ်နိုင်ကြတော့ဘူးလို့ တနင်္သာရီတိုင်းမှာရှိတဲ့ ခြံပိုင်ရှင်အချို့က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက တနင်္သာရီတိုင်းက လူငယ်အများစုဟာ လုံခြုံရေးအရရော ဝမ်းရေးအတွက်ပါ ထိုင်းနဲ့မလေးရှားကို ထွက်ခွာသွားကြပြီး လုပ်သားအင်အားရှားပါးလာလို့ ခြံလုပ်ငန်းအပါအဝင် လုပ်ငန်းအများထိခိုက်မှုရှိလာတယ်လို့ သိရပါတယ်။
ခြံပိုင်ရှင်တွေပြောပြချက်အရ တိုင်းထဲက ခရိုင်တိုင်း၊ မြို့နယ်တိုင်းမှာ လုပ်သားအခက်အခဲကြောင့် ရာဘာခြံအများစုကို ဒီအတိုင်းပစ်ထားလိုက်ကြသူများလာတယ် ဆိုပါတယ်။
တောခုတ်၊ ခြံရှင်းတာက ခြံရှင်တွေအတွက် ပုံမှန်လုပ်ဆောင်ရတဲ့ အခြေခံအလုပ်တွေပါ။ စက်သုံးဆီစျေးကြီးလာတဲ့ပြဿာနာကြောင့် ဒါတွေတောင် မလုပ်တော့ဘဲ ပစ်ထားကြရတဲ့ အခြေအနေ ရှိလာတာပါ။
” အရမ်း ငွေပိုငွေလျှံရှိတဲ့သူတွေပဲ တစ်နှစ်သုံးခါပုံမှန် တောခုတ်နိုင်တော့တယ်။ အရင်ကသုံးခါ ခုတ်ရင် အခုနှစ်ခါပဲခုတ်တော့တာ။ တချို့လည်း လုံးဝမခုတ်ဘဲ ပစ်ထားလိုက်ပြီ ” လို့ ရေဖြူက လူငယ်တစ်ဦးက ပြောပါတယ်။
သရက်ချောင်းမြို့နယ်နဲ့ မြိတ်ခရိုင်ထဲက ရာဘာ ခြံအချို့ကတော့ အရင်ကတည်းက လူကြီးတွေပဲအစေးခြစ်ကြတာကြောင့် သိပ်မသိသာပေမဲ့ ထားဝယ်ခရိုင်ထဲက ရွာတွေမှာတော့ လူငယ်တွေမရှိတော့တာကြောင့် ခြံလုပ်ငန်းကို များစွာထိခိုက်နေတယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်ထဲက ရာဘာခြံရှင်တစ်ဦးကတော့ ” ရာဘာခြံကိုတော့ ဒီတိုင်းပစ်ထားတယ်။ ခြစ်မဲ့ချိန်မှ တစ်ခါတောရှင်းတယ်။ အဓိကက ကွမ်းပင်တွေပဲစိုက်တော့တယ်။ ကွမ်းသီးကယ်နေလို့သာ ထမင်းစားနေရတာ။ ရာဘာနဲ့က အလုပ်မဖြစ်တော့ဘူး ” လို့ပြောပါတယ်။
အချို့ဒေသတွေမှာတော့ ရာဘာစေးခြစ်တဲ့သူတွေနဲ့ ရာဘာခြံပိုင်ရှင်တွေဟာ ဒီတိုင်းမပစ်ထားချင်တာကြောင့် ရာဘာစေးခြစ်တဲ့သူနဲ့ တစ်ဝက်စီ သို့မဟုတ် သုံးပုံတစ်ပုံ ခွဲဝေယူကြတယ်လို့သိရပါတယ်။
ရာဘာကိုမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အများဆုံးစိုက်ပျိုးပြီး လက်ရှိတွင် မြန်မာ့ရာဘာ စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေတယ်လို့သိရပါတယ်။
The Tanintharyi Times
