မြစ်ရေကြီးနေတဲ့ တနင်္သာရီမှာ အမျိုးသားတစ်ဦးရေနစ်သေဆုံး
မြစ်ရေကြီးနေတဲ့ တနင်္သာရီမှာ အမျိုးသားတစ်ဦးရေနစ်သေဆုံး
တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာရွာမှာ အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကတနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် ဦးကျော်ဇင်သူဖြစ်ပါတယ်။ မနေ့က မွန်းလွဲ ၂ နာရီကတည်းက နေအိမ်ကနေ လှေလှော်ပြီးထွက်သွားတာဖြစ်ပြီး ၄၅ မိနစ်လောက်အကြာမှာ လူမပါဘဲလှေတစ်စီးတည်းနေအိမ်ဘက်ကို မျောလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့မနက်မှာတော့ ဦးကျော်ဇင်သူရဲ့ရုပ်အလောင်းကို ရေစပ်တစ်နေရာမှာ လမ်းသွားလမ်းလာတွေတွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“သူကယောက္ခမအိမ်ကိုသွားတာ။ လှေကလည်းမလှော်တတ်ဘူးတဲ့။ မနေ့ကတည်းက လှေပဲပြန်(မျော)လာတာကို အိမ်ကလည်းလိုက်မရှာဖြစ်ဘူးထင်တယ်။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ အလောင်းတွေ့တဲ့နေရာမှာပဲ သရဏဂုံတင်ပြီး ရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ရွာရဲ့လယ်ကွင်းထဲမှာရေနစ်သေဆုံးတာဖြစ်ပြီး အဲဒီရေတွေဟာ တနင်္သာရီမြစ်ကလျှံတက်လာတဲ့ရေတွေရော မိုးများတာကြောင့်ပါ ကွင်းအပြည့်ရေလွှမ်းနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်လောက်ကစ မိုးများနေတာဖြစ်ပြီး ဒီကနေ့ထိ နေ့ရောညပါ ဆက်တိုက်ရွာနေတာလို့ သိရပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “ရေကြီးနေတဲ့နေရာတကြောက ပုံမှန်ဆိုကုန်းလမ်းပေါက်နေတယ်။ ဆိုင်ကယ်လည်း သွားလို့ရတယ်။” လို့ ပြောပြပါတယ်။
အခုလက်ရှိမှာတော့ လယ်ကွင်းရေအမြင့်ဟာ လူကြီးတစ်ယောက်အရပ် အမြင့်ထိရှိနိုင်လို့ ဒေသခံတွေအနေနဲ့ လှေနဲ့ပဲ သွားလာနေကြရတယ်လို့ အဆိုပါအမျိုးသားကဆက်ပြောပါတယ်။
တနင်္သာရီမြို့နယ်ရဲ့ မြစ်ရေဟာမနေ့က စိုးရိမ်ရေအမှတ်အဖြစ်ကြေညာထားတဲ့ ၁၇ ပေအထိရောက်ရှိခဲ့ပြီး ဒီကနေ့မှာတော့ မြစ်ရေဆက်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်ထဲက ပဝကျေးရွာအုပ်စု၊ မြို့ပေါ်ရပ်ကွက်တချို့၊ တကူကျေးရွာအုပ်စုထဲက ရပ်ကွက်တချို့ စတဲ့နေရာတွေမှာရေကြီးရေလျှံတွေဖြစ်နေပြီး ဒီကနေ့နဲ့ဆိုရင် တနင်္သာရီမြို့နယ်မှာ ရေကြီးရေလျှံဖြစ်နေတာ လေးရက်ရှိပြီဖြစ်ပါတယ်။
စစ်ကောင်စီမိုးဇလက ဒီကနေ့မနက် ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေပြီး နောက်နှစ်ရက်အထိ အားကောင်းနေမယ်လို့ဆိုထားပါတယ်။ ဒီကနေ့ ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာကွက်ပြီး မိုးကြီးမယ်လို့လည်း ခန့်မှန်းထားပါတယ်။
The Tanintharyi Times
