စစ်အာဏာသိမ်းကာလအတွင်း စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် လေးတိုင်ကို ရေးပြောက်ကျားတပ်ဖွဲ့ ဖျက်ဆီးခဲ့
စစ်အာဏာသိမ်းကာလအတွင်း စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် လေးတိုင်ကို ရေးပြောက်ကျားတပ်ဖွဲ့ ဖျက်ဆီးခဲ့
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ်ဖွဲ့က ဒေသတွင်းမှာရှိတဲ့ စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်တစ်တိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို ၄ ကြိမ် ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
မနေ့က နေ့လည် ၂ နာရီခွဲအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာက မိုင်တဲတာဝါတိုင်ဧရိယာအတွင်းမှာရှိတဲ့ ဆက်သွယ်ရေး အထိုင်စက်၊ မီးစက်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲ့တာဝန်ခံက ပြောပါတယ်။
“ဒီတာဝါတိုင်တွေက စစ်ကောင်စီပိုင်လည်းဖြစ်သလို စစ်ကောင်စီနဲ့ပတ်သက်တာဖြစ်တဲ့အတွက်ဖျက်ဆီးတာပါ” လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
မိုင်တဲတာဝါတိုင်တွေကို အခုလိုဖျက်ဆီးတာဟာ ရေးပြောက်ကျားတပ်ဖွဲ့အနေနဲ့ ၄ ကြိမ်မြောက်လုပ်ဆောင်ခဲ့တဲ့ မစ်ရှင် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း ရေးမြို့နယ်၊ကျောက်မိချောင်းတောင်ရွာနဲ့ကျုံလောင်းရွာဟောင်းအနီးမှာရှိတဲ့ Mytelတာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေ ရေးမြို့နယ်၊ခေါ်ဇာရွာမှကဗျာဝကမ်းခြေသွားရာလမ်းဘေးရှိ မိုင်တဲတာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို မိုင်းဆွဲ ဖျက်ဆီးခဲ့ဖူးတယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း သံဖြူဇရပ်မြို့နယ်၊စခန်းကြီးကျေးရွာ အဝေးပြေးလမ်းမကြီးဘေးမှာရှိတဲ့ မိုင်တဲတာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ပိုင် တာဝါတိုင်တွေအပြင် စစ်တပ်ပိုင်လုပ်ငန်းမှန်သမျှကို အခွင့်ရေးသင့်သလို ဖျက်ဆီးသွားဖို့ရှိတယ်လို့ အဖွဲ့ပြန်ကြားရေးက ပြောပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ဟာ မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီထောက်တိုင်တွေကို အလျဉ်းသင့်သလို ပစ်ခတ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
The Tanintharyi Times
