ကန္တာရခရီးသည် (ရာပြည့်)
ကန္တာရခရီးသည် (ရာပြည့်)
(“Jon Krakauer” ၏ “Into The Wild” ကို ဘာသာပြန်သည်။)
သိပ္ပံနဲ့ နည်းပညာ တစ်နေ့တစ်ခြား တိုးတက်လာတဲ့ ဒီကမ္ဘာကြီးမှာ ရုပ်ဝတ္ထုပစ္စည်းတွေလည်း တစ်နေ့တစ်ခြား ပိုမိုပြည့်လျှံလာတယ်။ ဒီလိုနဲ့ လိုအပ်ချက်လား၊ လိုချင်မှုသက်သက်လားလို့ မခွဲခြားနိုင်တော့ဘဲ မျက်စေ့ရှေ့ ဖောဖောသီသီ တွေ့မြင်နေရတဲ့ အသစ်အသစ်သော ရုပ်ဝတ္ထုပစ္စည်းမျိုးစုံကို ပိုင်ဆိုင်ခွင့်ရတာကိုပဲ ဘဝအောင်မြင်မှုတစ်ခုလို ထင်မှတ်မိကြတော့တယ်။
များများသုံးနိုင်ဖို့အတွက် များများကြိုးစားရှာဖွေရင်းရုပ်ဝတ္ထုကမ္ဘာမှာ စုန်းစုန်းနစ်မြှုပ်သွားရသူတွေလည်းအများအပြား။ ခေတ်သစ်ကမ္ဘာရဲ့ ဆွဲဆောင်မှုနောက်ကို အမှီလိုက်ရင်း ခြေကုန်လက်ပမ်းကျပြီး မျှော်လင့်ချက် ကင်းမဲ့သွားရသူတွေလည်း အများအပြား။
ဒါပေမယ့် ရုပ်ဝတ္ထုပစ္စည်းအပေါ် အလွန်အကျွံ မှီခိုလာနေတဲ့ လူသားတွေကြားထဲမှာ ဘဝရှင်သန်မှု အဓိပ္ပာယ်ကို တစ်ခြားပုံစံတစ်မျိုးနဲ့ ရှာဖွေသူတွေလည်း ရှိနေပါသေးတယ်။ မလိုအပ်ဘဲနဲ့ ပေါများပြည့်လျှံနေတာက သူတို့အတွက် မွန်းကြပ်တဲ့ စိတ်အခြေအနေကို ဖြစ်စေတယ်။
လူ့အဖွဲ့အစည်းရဲ့ ဟန်ဆောင်ထားတဲ့ အတုအယောင် မျက်နှာဖုံးကနေ ကျောခိုင်းသွားဖို့ အမြဲအားထုတ်တတ်ကြတယ်။
ဘဝဆိုတာ စွန့်စားခန်း ခရီးရှည်ကြီးတစ်ခုလို့ တင်စားပြောတတ်ကြတယ်။ ဒီအဆိုက ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေကို ရည်ညွှန်းပုံရပါတယ်။ ဒါပေမယ့် တင်စားတာ မဟုတ်ဘဲ ဘဝမှာ တကယ့်စွန့်စားခန်းခရီးရှည်တစ်ခု ဖန်တီးခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကတော့ လျှို့ဝှက်ချက်တွေ၊ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်။
သူ့နာမည်က “ခရစ္စတိုဖာ ဂျွန်ဆင် မက်ကန်းဒလက်စ်”။ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရဲ့ လူကုံတန်တွေ နေထိုင်ရာအရပ်မှာ ကြီးပြင်းလာခဲ့သူ။ ပညာရေးမှာရော၊ အားကစားဘက်မှာပါ ထူးချွန်သူ။ တက္ကသိုလ်မှာ ထူးချွန်စွာ အောင်မြင်ပြီး ဘွဲ့အပ်နှင်းခြင်း ခံခဲ့ရသူ။ အပြင်ဘမ်းကကြည့်ရင် အလားအလာကောင်းတွေနဲ့ ပြည့်နေတဲ့ လူငယ်တစ်ယောက်ပဲ။
ဒါပေမယ့် ဘွဲ့ရပြီးနောက် သိပ်မကြာခင်မှာပဲ သူ့ပတ်ဝန်းကျင်ကနေ ရုတ်တရက် သူပျောက်သွားတော့တယ်။ သူဘယ်ကိုထွက်သွားသလဲဆိုတာ သူ့မိသားစု အပါအဝင် ဘယ်သူမှ မသိကြဘူး။ ဘာသတင်းအစနမှ ရှာလို့ မရအောင် ခြေရာဖျောက်သွားခဲ့တယ်။ စုံစမ်းလို့ ရသမျှက ဘဏ်မှာသူပိုင်တဲ့ ဒေါ်လာနှစ်သောင်းလေးထောင်ကိုအကုန်လှူလိုက်တယ် ဆိုတာရယ်၊ သူစီးတဲ့ကားနဲ့ တခြားသူပိုင်ပစ္စည်း နည်းနည်းကို အားလုံးပေးပစ်လိုက်တယ် ဆိုတာရယ်။ ဒီလောက်ပါပဲ။
‘မက်ကန်းဒလက်စ်’ တစ်ယောက် ဘာရည်ရွယ်ချက်နဲ့ အဲဒီလို ထွက်သွားရသလဲဆိုတာ သူကွယ်လွန်ပြီးနောက်မှခြေရာပြန်ကောက်ရင်း တဖြည်းဖြည်း ပုံဖော်နိုင်ခဲ့ကြတာပါ။ သူ့ရုပ်အလောင်းနားမှာ တွေ့ရတဲ့ သူ့ဒိုင်ယာရီစာအုပ်နဲ့ သူဖတ်ခဲ့တဲ့ စာအုပ်တွေ၊ သူအမှတ်အသား ပြုလုပ်ခဲ့တဲ့ စာပိုဒ်တွေ၊ သူလှည့်လည်သွားလာခဲ့တဲ့ ခရီးတစ်လျှောက် ဆုံတွေ့ရသူတွေနဲ့ ခင်မင်တဲ့ မိတ်ဆွေတချို့ဆီ ပေးပို့ခဲ့တဲ့ စာလေးတွေက တစ်ဆင့် ဘဝအပေါ်၊ လူ့အဖွဲ့အစည်းအပေါ် သူဘယ်လိုမြင်သလဲဆိုတာ မှန်းဆခွင့်ရခဲ့တယ်။
၁၉၉၂ ခုနှစ်၊ ဧပြီလမှာ သူ့မှာရှိရှိသမျှကို စွန့်လွှတ်ပြီးအိမ်ကနေ ထွက်လာပြီးနောက် လမ်းမှာ တွေ့သမျှ ကားကြုံလိုက်စီးရင်း၊ လိုအပ်ရင် အလုပ်တစ်ခုခု ဝင်လုပ်ရင်း နေရာတစ်ခုကို သူဦးတည်သွားခဲ့တယ်။ အဲဒီနေရာက အလာစကာပြည်နယ်၊ မက်ကင်းလေးတောင်ရဲ့မြောက်ဘက်မှာရှိတဲ့ ကန္တာရတောကြီးပါပဲ။
တစ်နေ့မှာ လူသူနေထိုင်ခြင်းမရှိတဲ့ ကန္တာရ တောကြီးထဲကိုသူတစ်ယောက်ထဲ လမ်းလျှောက်ဝင်သွားခဲ့တယ်။ လူသူမရှိတဲ့ တောရိုင်းထဲမှာ သူတစ်ယောက်ထဲ ဘယ်လိုနေထိုင် ရှင်သန်သွားသလဲ။ အစားအသောက်အတွက် သူဘယ်လိုရုန်းကန်ပြီး ရှာဖွေစားသောက်ခဲ့သလဲ။ တောရိုင်း တိရစ္ဆာန်တို့ရဲ့ အန္တရာယ်၊ သစ်ပင် နွယ်ပင် ပိုးကောင် မွှားကောင်တို့ရဲ့ အန္တရာယ်ကို သူဘယ်လို ရင်ဆိုင်ခဲ့သလဲ၊ ဘယ်လို ရှောင်ရှားနိုင်ခဲ့သလဲ။
လူ့အဖွဲ့အစည်းထဲ နေထိုင်တဲ့ သာမန်လူတစ်ယောက်အတွက် ကြောက်လန့်ဖွယ်ရာ၊ ပျင်းရိဖွယ်ရာကောင်းတဲ့ တောတွင်းနေ့ရက်တွေကို ‘မက်ကန်းဒလက်စ်’ က ဘယ်လို အမြင်မျိုးနဲ့ ဖြတ်သန်းခဲ့သလဲ။ သူ့ရဲ့ ဒိုင်ယာရီထဲမှာတော့“တောကြီးကန္တာရဲ့ လွတ်လပ်မှုနဲ့ ရိုးရှင်းတဲ့ အလှတရားတွေက သိပ်ပြီး အားကောင်းလွန်းလို့ ထားပစ်ရက်စရာ မရှိပါဘူး” လို့ ရေးသားထားခဲ့တယ်။
‘မက်ကန်းဒလက်စ်’ ဟာ ငယ်စဉ်ကတည်းက စာရေးဆရာ‘ဂျက်လန်ဒန်’ ကို အရူးအမူး စွဲလမ်းခဲ့သူ ဖြစ်တယ်။ ‘ဂျက်လန်ဒန်’ ရဲ့ အရင်းရှင် လူ့ဘောင်အဖွဲ့အစည်းကို ပြင်းထန်စွာ ရှုတ်ချတာ၊ ကမ္ဘာဦးခေတ်ကို ချီးမွမ်းထောပနာပြုတာ၊ သာမန်ပြည်သူလူထုဘက်မှ ရပ်တည်တာ စတဲ့အရာတွေက‘မက်ကန်းဒလက်စ်’ ကို ရောင်ပြန်ဟပ်ပြီး သူရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ဖြစ်လာတယ်။
လူအတော်များများက သူတို့တွေ မပျော်ပိုက်တဲ့ အခြေအနေမှာ ကြိတ်မှိတ်နေနေကြပြီး အဲဒီအခြေအနေတွေကို စတင်ပြောင်းလဲလိုက်ဖို့ မလုပ်ကြဘူး။ အဟောင်းကို ဖက်တွယ်ပြီးနေနေရတဲ့ ဘဝနဲ့ ကျင့်သားရနေကြတယ်။
“ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ ကျွန်တော်တို့တစ်တွေရဲ့ အတွေ့အကြုံသစ်နဲ့ ရင်ဆိုင်ရာက ပေါက်ဖွားတာပါ။ ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ အရိုးစွဲ၊ ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ လူနေမှု ဘဝပုံစံကို သတ္တိရှိရှိ တွန်းလှန်ပစ်ပြီး သမားရိုးကျ မဟုတ်တဲ့ ရှင်သန်နေထိုင်နည်းနဲ့ ရှင်သန်နေထိုင်သွားရဲကြဖို့ပဲ လိုတာပါ” တဲ့။
တောကြီးကန္တာအတွင်း လှည့်လည်နေထိုင်စဉ်အတွင်းအမဲလိုက်တာနဲ့ တောတွင်းသီးပင်စားပင်တွေ စားသုံးပြီးအသက်ဆက်ဖို့ ကြိုးစားခဲ့တယ်လို့ သူ့နေ့စဉ်မှတ်တမ်းမှာတွေ့ရတယ်။ တောတွင်းတိရိစ္ဆာန် မျိုးစိတ်များနဲ့ ပန်းပင်များအကြောင်း လေ့လာချက်အကျဉ်းတွေကို သူ့မှတ်တမ်းမှာ ရေးသွင်းထားတာလည်း တွေ့ရတယ်။
‘မက်ကန်းဒလက်စ်’ က သူ့အတွေးအခေါ်၊ သူယုံကြည်ရာကို အကောင်အထည်ဖော်ဖို့ သတ္တိရှိသူမို့ လိုအပ်သည်ထက် ပိုလျှံနေတဲ့ ရုပ်ဝတ္ထုများရှိရာ ကမ္ဘာမှ ပြေးထွက်နိုင်ခဲ့တယ်။ လူသားဖြစ်တည်မှုရဲ့ ပကတိနှလုံးခုန်သံနဲ့ အဆက်ပြတ်ခဲ့ရတယ်လို့ ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ဝေးရာသို့ ထွက်ခွာနိုင်ခဲ့တယ်။ သူတော်ကောင်း ယောင်ဆောင်ထားတဲ့ လူနေမှုဘဝပုံစံ ဝန်ထုပ်ဝန်ပိုးကို ပစ်ချပြီးမွန်းကြပ်တဲ့ ကမ္ဘာထဲကနေ အတားအဆီးမရှိ လွတ်မြောက်ခွင့်ရခဲ့တယ်။
ဒါပေမယ့် လူသူမရှိတဲ့ တောရိုင်းကန္တာထဲ ရေရှည်အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တယ်လို့ ဆိုရမယ်။ တောတွင်းနေထိုင်သူအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျည်အားကောင်းတဲ့ ရိုင်ဖယ်သေနတ်တစ်လက်၊ လမ်းပြမြေပုံနဲ့ သံလိုက်အိမ်မြှောင်၊ ပုဆိန် စတဲ့ လက်နက် ကိရိယာတွေကို ‘မက်ကန်းဒလက်စ်’ က မယူဆောင်လာခဲ့ဘူး။ တမင်တကာ မယူခဲ့တာလား၊ ယူရကောင်းမှန်းမသိလို့ မယူခဲ့တာလားဆိုတာ ကာယကံရှင်ကလွဲရင် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ‘မက်ကန်းဒလက်စ်’ ဟာ ကန္တာရတောကြီးအတွင်းကို ဝင်ရောက်လာပြီး ရက်ပေါင်း ၁၁၂ ရက်အကြာ၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ အဲဒီတောကြီးတစ်နေရာမှာပဲ ကွယ်လွန်သွားခဲ့ရရှာတယ်။ သူသေဆုံးရတာက အာဟာရပြတ်လပ်လို့ ဒါမှမဟုတ် အဆိပ်ရှိတဲ့ အသီးတစ်မျိုးကိုစားမိလို့ ဆိုတာမျိုး ခန့်မှန်းကြပေမယ့် ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ခဲ့ဘူး။
‘မက်ကန်းဒလက်စ်’ အိမ်ကထွက်သွားတဲ့ အချိန်ကနေနောက်ဆုံး သူ့ရုပ်အလောင်း ပြန်တွေ့တဲ့ အချိန်ထိ သူဘယ်လိုနေထိုင် သွားလာခဲ့သလဲ ဆိုတဲ့ အချက်အလက်တွေကို စုဆောင်းပြီး၊ စာရေးဆရာ “Jon Krakauer” က “Into The Wild” လို့ အမည်ပေးပြီး စာအုပ်တစ်အုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ကို ဆရာ “ရာပြည့်” က “ကန္တာရခရီးသည်” လို့ အမည်ပေးပြီးမြန်မာဘာသာပြန်ဆို ထားပါတယ်။
အများနဲ့မတူတဲ့ ‘မက်ကန်းဒလက်စ်’ ရဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အားကျသူ၊ လေးစားသူတွေလည်း ရှိသလို ပြစ်တင်သူ၊ ဝေဖန်ကဲ့ရဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲ ပြောဆိုကြပါစေ ‘မက်ကန်းဒလက်စ်’ ကတော့ သူနေထိုင်လိုတဲ့ ဘဝပုံစံ၊ သူဖြစ်ချင်တဲ့ ဆန္ဒကိုသတ္တိရှိရှိ အကောင်အထည်ဖော်ရဲခဲ့တဲ့ လူငယ်တစ်ယောက်အဖြစ် သူချန်ခဲ့တဲ့ ခြေရာကောက်ကြောင်းတွေကသက်သေပဲ ဖြစ်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
