တနင်္သာရီမြို့အဝင်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ

တနင်္သာရီမြို့အဝင်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ

ပုံစာ - တနင်္သာရီမြို့အဝင်ကစစ်ကောင်စီတပ်ကို ၄၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်နေချိန်။

တနင်္သာရီမြို့အဝင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မနက် ၈ နာရီလောက်မှာ တနင်္သာရီမြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာကို တနင်္သာရီ ပကဖ နဲ့ မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၂ တို့ပူးပေါင်းပြီး သွားရောက်ပစ်ခတ်ခဲ့တာပါ။

“ကျနော်တို့ဘက်က အရင်ပြောက်ကျားသွားပစ်တာမျိုးပါ။ လက်နက်ကြီးရော လက်နက်ငယ်ရောပဲ။ သူတို့ဘက်ကလည်းဆက်တိုက်ပြန်ပစ်တယ်။ တိုက်ပွဲအငယ်ပါပဲ” လို့တနင်္သာရီ (ပကဖ) ရဲဘော်တစ်ဦးကပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ တနင်္သာရီ (ပကဖ) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအများအပြား ရမ်းသမ်းပစ်ခတ်တာကြောင့် ဘန်လောရွာကနေအိမ်တစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဘန်းသဲရွာနဲ့ လယ်တောင်ယာရွာတွေဘက်ကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်စွဲတဲ့နေရာတွေကို တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်တွေ အခုနောက်ပိုင်းမှာ ပိုမိုများပြားလာပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လထဲမှာ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှု ၃၀ နီးပါးဖြစ်ပွားတဲ့ထဲက ၁၁ ကြိမ်ဟာ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေရဲ့ စခန်းနေရာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ၃၁ ရက်နေ့က ဘန်ကျုတ်ရွာဘက်ကိုကောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ တနင်္သာရီမြို့နယ်အတွင်း စစ်ရေးသတိရှိရှိသွားလာကြဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းထုတ်ပြန်ချက်တွေကို လေးစားလိုက်နာကြဖို့ ​မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times