တနင်္သာရီမြို့ဝင်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးနဲ့ ပစ်ခတ်၊ နေအိမ်နှစ်ဆောင် ကျည်ထိမှန်ပျက်စီး

တနင်္သာရီမြို့ဝင်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးနဲ့ ပစ်ခတ်၊ နေအိမ်နှစ်ဆောင် ကျည်ထိမှန်ပျက်စီး

ပုံစာ - စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးခဲ့တဲ့ ဘန်လောရွာကနေအိမ်တွေ။(CJ)

စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနေအိမ်နှစ်ဆောင်ကျည်ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီလောက်က တနင်္သာရီမြို့က ဗိုလ်ချုပ်ကြေးရုပ်အနီးမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“တိုက်ပွဲသဘောမျိုးမဟုတ်ဘူး။ တဖက်တည်းဝင်ပစ်တာလောက်ပဲ။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီပြောက်ကျားကာကွယ်ရေးအဖွဲ့နဲ့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ-၂တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုပစ်ခတ်ခံရတဲ့ စစ်ဆေးရေးဂိတ်ဟာ တနင်္သာရီ ဆင်ခြေဖုံးကျေးရွာအုပ်စုက လယ်တောင်ယာရွာအဝင်၊ ဗောဓိကမ်းတံတားအဝင်နဲ့ တနင်္သာရီမြို့အဝင် စတဲ့ လမ်းဆုံသုံးခုဆုံရာမှာရှိတာဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုပြီးနောက် နေ့လည် ၁၂ နာရီလောက်မှာ တနင်္သာရီမြို့၊ လေသာတောင်မှာအထိုင်ချ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပစ်ခတ်မှုအတွင်း လယ်တောင်ယာကျေးရွာအတွင်းကို လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဘန်လောရွာဘက်မှာတော့ ၁၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုတွေကြောင့် ဘန်လောရွာက ခြေတံရှည်ပျဥ်ထောင်အိမ်တစ်ဆောင်နဲ့ တစ်ထပ်တိုက်အိမ်နှစ်ဆောင် ကျည်ထိမှန်ပျက်စီးခဲ့ပါတယ်။

“တိုက်အိမ်သွပ်မိုးပေါ်မှာလက်နက်ကြီးကျည်သွားကျတယ်။ ပြီးမှ ဘေးအိမ်ထဲ ကျည်စတွေစင်ပြီးပျက်စီးသွားတာ။” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်သံကြားတာနဲ့ ဘန်လောရွာထဲကဒေသခံတွေကတော့ နီးစပ်ရာ ဥယျာဥ်ခြံမြေတွေထဲထွက်ပြေးတိမ်းရှောင်နေကြလို့ အရပ်သားထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ဘန်လောကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၈၇၁ စုရှိပြီး အဲဒီထဲက တချို့တဝက် ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ သြဂုတ်လ နောက်ဆုံးအပတ်ကစပြီး မြို့ပေါ်ရပ်ကွက်၊ ဘန်လောကျေးရွာအုပ်စု၊ ရေဖြူရွာ တွေဘက်တွေကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်နေတာပဲ ဖြစ်ပါတယ်။

အဲဒီလိုပစ်ခတ်မှုတွေကြောင့် နှစ်ပတ်တာကာလအတွင်း တနင်္သာရီမြို့ပေါ်က ရဲတပ်သားရဲ့မိခင်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ပြီး ဘန်လောရွာကနေအိမ် ၄ ဆောင်၊ ရေဖြူရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ မုခ်ဦး စတာတွေ ထိခိုက်၊ ပျက်စီးခဲ့ပါတယ်။

The Tanintharyi Times