ပြင်သစ်နိုင်ငံရဲ့နောက်ဆုံးကျန်ရှိတဲ့ သတင်းစာလက်ပွေ့အရောင်းသမား

ပြင်သစ်နိုင်ငံရဲ့နောက်ဆုံးကျန်ရှိတဲ့ သတင်းစာလက်ပွေ့အရောင်းသမား

(အက်ဆေး၊ခေတ်ပြိုင်ဘဝများ)

 
ပါရီမြို့ရဲ့လမ်းမပေါ်မှာ သူနဲ့အတူသတင်းစာတွေကို ခေတ်ပြိုင်ရောင်းချခဲ့သူတွေ အနားယူသွားကြပြီ။ သူတို့ရောင်းခဲ့တဲ့ သတင်းစာတွေရဲ့ပုံနှိပ်စာစဉ်တွေလည်းရပ်ဆိုင်းသွားခဲ့ကြပါပြီ။ ပုံနှိပ်သတင်းစာတွေ ရပ်စဲသွားတာဟာ ဒိုင်နိုဆောတွေရဲ့ခေတ်ကြီးတစ်ခုကွယ်ပျောက်သွားသလိုပါပဲ။

တချိန်ကတော့ ကဖေးဆိုင်တွေ၊ ဘားတွေနဲ့ပြည့်နှက်နေခဲ့တဲ့ပါရီမြို့ကြီးရဲ့လမ်းတွေပေါ်မှာ မနက် မိုးလင်းတဲ့အခါ သတင်းစာကိုဖြန့်ဖတ်ပြီး ကမ္ဘာကြီးကိုသုံးသပ်ကြတာဟာ ပါရီမြို့သားတွေရဲ့ဘဝပေါ့၊ သူတို့ရဲ့ ရင်ခုန်သံပေါ့။

အလီအက္ကဘာကတော့ ဒီယဉ်ကျေးမှုကြီးကိုကျောပိုးမှာထမ်းပိုးထားတုန်းပါပဲ။ သူ့ကိုပြင်သစ်နိုင်ငံရဲ့ နောက်ဆုံးကျန်ရှိတဲ့ သတင်းစာလက်ပွေ့အရောင်းသမားလို့အသိအမှတ်ပြုကြပါတယ်။ အခုထက်ထိ ပါရီမြို့ရဲ့လမ်းတွေပေါ်မှာသတင်းစာတချို့ကိုပွေ့ပြီးရောင်းနေတဲ့အလီအက္ကဘာကိုတွေ့နိုင်ပါတယ်။

ဒီအလုပ်ကို ၁၉၇၄ ခုနှစ်မှာသူစလုပ်ခဲ့တာပါ။ အခုဆိုရင်နှစ်၅၀ကျော်သွားခဲ့ပါပြီ။ သူက ပါကစ္စတန်နိုင်ငံ၊ ရဝါပင်ဒီမြို့ဇာတိဖြစ်ပါတယ်။ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး၊ မျက်မှန်အမဲတပ်ထားတဲ့အလီဟာ သတင်းစာ ရောင်းတဲ့နေရာမှာ ဖေါက်သည်တွေကိုဆွဲဆောင်ဖို့အတွက် မုသားလှလှလေးတွေကိုသုံးလေ့ရှိသူပါ။

“စစ်ကြီးပြီးသွားပြီ။ ပူတင်က သူ့ကိုခွင့်လွှတ်ပါလို့တောင်းပန်နေပြီ” ဆိုတာမျိုးတွေသူအော်ဟစ်လေ့ရှိပါတယ်။ သူ့အလုပ်ကို စွဲမြဲမှုနဲ့ဟဒယအစွမ်းကြောင့် အလီဟာ “ပါရီမြို့ယဉ်ကျေးမှုရဲ့အမှတ်လက္ခဏာ တစ်ခုဖြစ်နေပြီ” လို့မြို့ခံအနုပညာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုပါတယ်။

တကယ်တော့လမ်းပေါ့်မှာ လက်ပွေ့ရောင်းချသူတစ်ဦးအနေနဲ့ အလီအက္ကဘာဟာ ငယ်လှတော့တာ မဟုတ်ပါဘူး။ သူအသက် ၇၂နှစ်ရှိပါပြီ။ သူ့အလုပ်က တစ်နေ့တစ်နေ့ကိုမိုင်နဲ့ချီပြီးလမ်းလျှောက် ရတာပါ။ Le Monde နဲ့ Les Echosလို သတင်းစာတွေကိုရောင်းချပါတယ်။ သူ့ရဲ့ခေါင်းပေါ်မှာလည်း Le Monde ကပေးတဲ့ ကပ်ဦးထုပ်ကိုဆောင်းထားပါတယ်။

ကဖေးဆိုင်တစ်တိုင်ထဲကို သူဝင်လိုက်တဲ့အခါ သူနဲ့ခင်တဲ့ ကျန်းမာရေးပညာရှင် (Physiotherapist) တစ်ဦးကအလီကိုလှမ်းမေးတယ်။ “အလီရေနေကောင်းရဲ့လား။ မနေ့ကခင်ဗျားကို ကျွန်တော်စိတ်ပူနေတာ၊ ရာသီကအရမ်းပူလို့ပါ”လို့ပြောတယ်။

အလီကတော့ ဘယ်တော့မှအပြုံးမပျက်ပါဘူး။ ဒိထက်ပူပြင်းတဲ့အချိန်တွေကို သူကြုံတွေ့ခဲ့ပြီးပါပြီ။ ဒါပေမယ့်သူဦးထုပ်ကလေးကိုချွတ်ပြီး ကျေးဇူးတင်ကြောင်းသူပြန်ပြောပါတယ်။ အီတလီကဖေးဆိုင် တစ်ဆိုင်ကိုအလီဝင်ပါတယ်။ ကမ္ဘာကျော် Dior တံဆိပ်အတွက်အလုပ်လုပ်ပေးနေတဲ့ဖက်ရှင် ပညာရှင်တစ်ဦးက သူ့ကိုနွေးနွေးထွေးထွေးနှုက်ဆက်တယ်။ ပြီးတော့မှတ်ချက်ချပါတယ်။

“အလီဟာမရှိမဖြစ်ပဲ။ အကောင်းမြင်တဲ့သူ၊ ကျွန်တော်တို့ခေတ်မှာတော့ရှာပါးပဲ”လို့ဆိုပါတယ်။ “ကလေးတစ်ယောက်ရဲ့ဝိဉာဉ်ကိုသူထိန်းသိမ်းထားနိုင်တယ်”လို့ဆက်ပြောပါတယ်။

အလီအက္ကဘာဟာ ၁၉၅၃ခုနှစ်မှာ ပါကစ္စတန်ကကလေး ၁၀ ယောက်ရှိတဲ့ မိသားစုထဲကိုသူမွေးဖွားလာတာပါ။ နှစ်ယောက်ကတော့ ငယ်စဉ်ကတည်းကဆုံးပါးခဲ့ပါတယ်။ “အမေ့ကိုပန်းခြံလေးပါတဲ့ အိမ်လေး တစ်အိမ်ဝယ်ပေးချင်ခဲ့တာ ကျွန်တော့်အိပ်မက်ပဲ”လို့အလီကရင်ဖွင့်ပါတယ်။

နောက်တော့ အသက်၁၈နှစ်မှာအာဖဂန်နစ္စတန်၊ အီရန်၊ ဂရိနဲ့တရုတ်ပြည်ကိုလည်းသူရောက်ခဲ့တယ်။ သူ့ရည်ရွယ်ချက်ကတော့ ဥရောပကိုရောက်ဖို့ပါပဲ။ သူမလုပ်ဖူးတဲ့အောက်ခြေသိမ်းအလုပ်ဆိုတာ မရှိပါဘူး။ ကြမ်းတိုက်၊ ပန်းကန်ဆေး၊ တွေ့ရာအလုပ်အားလုံးကိုသူလုပ်ခဲ့ပါတယ်။ ပါကစ္စတန်က လွတ်အောင်ပြေးပေမယ့် ပါကစ္စတန်ကိုပဲနှစ်ကြိမ်ပြန်ရောက်ခဲ့ပါသေးတယ်။ သူ့မိသားစုကတော့ သူရူးနေပြီလို့ထင်ခဲ့ကြတယ်။ ၁၉၇၃ ခုနှစ်မှာတော့ ပြင်သစ်ကိုသူအောင်အောင်မြင်မြင်ရောက်လာခဲ့ပါတယ်။

ပါရီမြို့ရဲ့တံတားတွေအောက်မှာသူအိပ်ခဲ့ဖူးတယ်။ လူမျိုးရေးခွဲခြားမှုတွေကိုခါးခါးသီးသီးရင်ဆိုင်ခဲ့ရတယ်။ ၁၉၇၄ခုနှစ်မှာတော့ အာဂျင်တီးနားကျောင်းသားတစ်ယောက်က သတင်းစာတွေကို လက်ပွေ့ရောင်းနေတာ အလီတွေ့တဲ့အခါအားကျသွားခဲ့တယ်။ ဒါဟာသူ့ဘဝရဲ့ကြီးမားတဲ့အချိုးအကွေ့ပါပဲ။

လမ်းလျှောက်ချင်ပြီး လူတွေနဲ့ထိတွေ့ချင်တဲ့သူ့အတွက်တော့ ဒီအလုပ်ကပြီးပြည့်စုံတယ်လို့ပြောရမှာပါ။ ဒီလမ်းတွေပေါ်မှာသတင်းစာရောင်းရင်းနဲ့ကျော်ကြားတဲ့လူပေါင်းများစွာကိုသူတွေ့ခဲ့ဖူးပါပြီ။ ဒီအထဲမှာ ပြင်သစ်သမ္မတဖရန်ဆွာမီထရောင်းနဲ့ အမေရိကန်သမ္မတဘီလ်ကလင်တန်တို့လည်းပါဝင်ပါတယ်။

ကလင်တန်ကသူ့ကို ပါကစ္စတန်မှာနေရတာအန္တရာယ်ကြီးတယ်လို့ ပြောခဲ့တာသူအမှတ်ရတယ်။ အဲဒီအတွေ့အကြုံတွေအတွက်သူကသွေးကြီးသူတစ်ဦးမဟုတ်ပါဘူး။ သူ့အတွက်အဓိကကအလုပ်ပါပဲ။ အခုအချိန်မှာသူအဓိကရောင်းရတဲ့သတင်းစာက La Mondeပါ။ တစ်စောင်ကို ၂ ဒေါ်လာလောက်နဲ့ယူပြီး နှစ်ဆလောက်နဲ့ပြန်ရောင်းတဲ့အခါတစ်နေ့ကို ဒေါ်လာ၇၀လောက် သူဝင်ငွေရပါတယ်။ နားတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။

၁၉၈၀ခုနှစ်မှာအိမ်ထောင်ကျတဲ့အလီဟာ သား၅ယောက် ထွန်းကားပါတယ်။ တစ်ဦးကတော့ အော်တစ်ဇင်ပါလာတဲ့အတွက် သူတို့ပိုဂရုစိုက်ရတာပါ။ အံ့ဩဂုဏ်ယူစရာအကောင်းဆုံးအပိုင်းကို အခုမှပြောရမှာပါ။

မကြာသေးမီကပဲ အလီအက္ကဘာကို ပြင်သစ်သမ္မတအီမန်နျူရယ်မက်ကရွန်က Legion d’ Honneur ဘွဲ့ပေးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်ပါတယ်။ အခမ်းအနားနဲ့ ပေးမှာ ဖြစ်ပါတယ်။

“ဒီဆုနဲ့ဆိုရင်ပြင်သစ်ပတ်စ်ပို့ကျွန်တော်ရနိုင်ပြီထင်တယ်”လို့အလီကပြောပါတယ်။ သူဟာအခုထက်ထိ ပြင်သစ်နိုင်ငံသားမဟုတ်သေးပါဘူး။ ပြင်သစ်မှာနေထိုင်ခွင့်ရပေမယ့် နိုင်ငံသားဖြစ်ဖို့ လျှောက်ထားတဲ့ သူ့ရဲ့လျှောက်လွှာဟာ ကြိုးနီစနစ်တွေကြားမှာပျောက်ဆုံးနေဆဲပါ။

ပါရီမှာသတင်းစာတွေကို လက်ပွေ့ရောင်းချနေသူတစ်ဦးကိုတွေရင်တော့ အလီအက္ကဘာဆိုတာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သူဟာ ပြင်သစ်နိုင်ငံရဲ့နောက်ဆုံးကျန်ရှိနေတဲ့ လက်ပွေ့သတင်းစာ ရောင်းချသူဖြစ်နေလို့ပါပဲ။

အလီအက္ကဘာဟာ ရွှေ့ပြောင်းအခြေချနေထိုင်သူတစ်ဦးးအနေနဲ့ သူရောက်နေတဲ့နိုင်ငံကို ဘယ်လိုအကောင်းဆုံးအကျိုးပြုနိုင်တယ်ဆိုတဲ့နမူနာတစ်ခုပဲဖြစ်ပါတယ်။

(The New York Times က Extra! Extra! Read All About Last Newspaper in Paris နဲ့ အခြာသတင်းစာများကအချက်အလက်များကိုယူပြီးပြန်ရေးပါတယ်)

သူ

The Tanintharyi Times