စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား တစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား တစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်

ပုံ - စက်ရုံ လုပ်ငန်းခွင်တစ်ခု (ပုံဟောင်းအသုံးပြုထားပါတယ်။)

အာဏာသိမ်းပြီး ၁၈ လအကြာမှာ မြန်မာအလုပ်သမား တစ်သန်းကျော်အလုပ်လက်မဲ့ဖြစ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ပါတယ်။

အလုပ်အကိုင်အရည်အသွေးတွေဟာ ၂၀၂၀ ခုနှစ်ကထက် ပိုမိုနိမ့်ကျလာနေပြီး အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အလုပ်အကိုင်ဟာလည်း ၁.၁ သန်းအထိ လျော့နည်းသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

အခုလို အလုပ်အကိုင်ဆုံးရှုံးပြီး အလွန်အမင်းကြပ်တည်းလာတဲ့အပေါ် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုခံစားနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေးမှူး အရာရှိဖြစ်သူ Mr.Dolin Li က ” စစ်တပ်က အာဏာလွှဲယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့အလုပ်အကိုင်အခြေနေဟာ အရမ်းကိုခက်ခဲတဲ့ အခြေနေမှာရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှု့ လက္ခဏာတွေရှိနေပေမဲ့၊ လက်ရှိလုံးပါးပါးနေတဲ့အလုပ်အကိုင်အခြေနေ ဆိုးရွားမှုတွေနဲ့ အလုပ်အကိုင်အရည်သွေးကျဆုံးမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာ ကောင်းတဲ့ အခြေနေမှာရှိနေပါတယ် ” ဟုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတာဟာ အရင်က ရရှိခဲ့တဲ့အကျိုးအမြတ်တွေကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်ဆိုတာကို မနှစ်က လုပ်သားကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်းကျုံ့ဆင်းသွားတာနဲ့ ယခုနှစ် ပထမနှစ်ဝက်မှာ ၂ ရာခိုင်နှုန်းထပ်မံ ကျုံ့ဆင်းသွားတာဟာ သက်သေဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

အာဏာသိမ်းပြီးကတည်းက တဖြည်းဖြည်းထွက်ခွါနေခဲ့ကြတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေကြောင့် အလုပ်သမားတွေ အလုပ်အကိုင်ရပ်စဲခံရတဲ့အခါ အလုပ်ထုတ်နစ်နာကြေးလို ခံစားခွင့်တွေ မပေးဆောင်တဲ့ အခြေအနေတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတယ်လို့လည်း ILOက ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times