မောင်းမကန်ရွာမှာ တစ်ရပ်ကွက်ကို အုပ်ချုပ်ရေးမှူး သုံးဦးစီ ခန့်အပ်
မောင်းမကန်ရွာမှာ တစ်ရပ်ကွက်ကို အုပ်ချုပ်ရေးမှူး သုံးဦးစီ ခန့်အပ်
လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှာ ရဲနဲ့ မြို့နယ်ပညာရေးမှူးတွေ ဦးဆောင်ပြီး (၅) နာရီကြာ အစည်းဝေးပြုလုပ်ကာ ရပ်ကွက်တစ်ခုမှာ အုပ်ချုပ်ရေးမှူး သုံးဦးစီ ခန့်အပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွာဦးဓမ္မာရုံမှာ ဒီကနေ့ မနက် (၁၀)နာရီက ပြုလုပ်တဲ့ အဆိုပါအစည်းအဝေးမှာ ရပ်ကွက်တစ်ခုကို ရာအိမ်မှူးသုံးယောက်စီ ခန့်တဲ့ကိစ္စအပြင် ကလေးတွေမဖြစ်မနေ ကျောင်းတက်ခိုင်းဖို့ မောင်းမကန်ရဲစခန်းက ရဲတွေနဲ့ လောင်းလုံးမြို့နယ် ပညာရေးမှူးက ဖိအားပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အသက်(၁၈) နှစ် ပြည့်ပြီးတဲ့ ရွာသားတိုင်း အိမ်ထောင်စုစာရင်းနဲ့တကွ အစည်းအဝေးကို မပျက်မကွက် တက်ရောက်ဖို့ မနေ့က ညနေပိုင်းမှာ မောင်းမကန်ရွာထဲ မီးသတ်ကားနဲ့ လိုက်လံ ကြေညာနေခဲ့တာပါ။
ဒီကနေ့ ခန့်အပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးစာရင်းကိုတော့ ဒေသခံတွေကို အခုအချိန်အထိ ချမပြဖူးလို့ သိရပါတယ်။
” ရွာကိုက အုပ်ချုပ်ရေးမှူးခန့်ဖို့အမြဲ လှုံ့ဆော်နေတာ။ ဒီတစ်ခါတော့ အတည်ဖြစ်ပြီထင်တယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလကလည်း လေသာဘုန်းကြီးကျောင်းမှာ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ရွာထဲက အိမ်ထောင်ဦးစီးတွေကို တက်ရောက်စေခဲ့တယ်လို့ သိရပါတယ် ။
အဆိုပါအစည်းအဝေးမှာလည်း တက်ရောက်သူတွေထဲက အုပ်ချုပ်ရေးမှူး နေရာအတွက် အတင်းဖိအားပေး ရွေးချယ်စေခဲ့တယ်လို့ ဆိုပါတယ်။
” အဲတုန်းကလည်း သုံးလေးရက်လောက်သာကြာသွားတယ်။ သေမှာကြောက်လို့ ဘယ်သူမှမလုပ်ရဲကြဘူး ” လို့ ဒေသခံတစ်ဥဦးက ပြောပြပါတယ်။
ဇူလိုင်လ နောက်ဆုံးပတ်မှာ မောင်းမကန်ရွာသား (၉) ဦးအထိ အဖမ်းခံထားရပြီး အဖမ်းအဆီး၊ အစစ်ဆေးတွေ တစ်ရက်ထက်တစ်ရက် ပိုတင်းကြပ်လာတဲ့အတွက် ပြည်သူတချို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
The Tanintharyi Times
