မြိတ်-ထား၀ယ် ကားလမ်းအသုံးပြုမှု ပူးပေါင်းတပ်ဖွဲ့ အသိပေးကြေညာချက် ထုတ်ပြန်
မြိတ်-ထား၀ယ် ကားလမ်းအသုံးပြုမှု ပူးပေါင်းတပ်ဖွဲ့ အသိပေးကြေညာချက် ထုတ်ပြန်
မြိတ် – ထားဝယ်ကားလမ်းအသုံးပြုတာနဲ့ပက်သက်ပြီး လိုက်နာရမယ့်စည်းကမ်းချက်တွေကို ဖယ်ဒရယ်စစ်ကြောင်းနဲ့ စယ်ဒိုကျားတပ်ဖွဲ့က မနေ့က ထုတ်ပြန်အသိပေးထားပါတယ်။
ကားလမ်းအသုံးပြုတဲ့ ပြည်သူတချို့ဟာ မေလ (၉)ရက်နေ့ကတည်းက ကြေညာချက် ထုတ်ပြန်ထားတဲ့ ဆောင်ရန်/ရှောင်ရန်အချက်တွေကို ပူးပေါင်းပါ၀င်မှု မရှိဘူးလို့ ဆိုပါတယ်။
မေလ ၂၉ရက်ညက မြိတ်-ထားဝယ်ကားလမ်းပေါ် မှာ စစ်ဆေးဖို့တားဆီးချိန် မောင်းပြေးတဲ့ကားကို ကစယ်ဒိုကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မေလ ၃၁ရက် ညမှာလည်း စစ်ဆေးဖို့တားဆီးချိန် လိုက်နာခြင်းမရှိတဲ့ ကုန်ကားတစ်စီး၊ အအေးခန်းကားတစ်စီးကို ပစ်ခတ်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့ မနက်မှာ စစ်ဆေးချိန် နောက်ပြန်မောင်းတဲ့ မှန်လုံကားတစ်စီးကို ကစယ်ဒိုကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် မှန်လုံယာဉ်မောင်းတစ်ဦးနဲ့ ခရီးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို မထိခိုက်ဆုံးရှုံးသင့်တာ ဆုံးရှုံးခဲ့ရတာကြောင့် များစွာ၀မ်းနည်းကြေကွဲရကြောင်းနဲ့ ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူတစ်ယောက်စီတိုင်းကို အလေးအနက်တောင်းပန်ကြောင်းကိုလည်း ရေးသားထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြိတ်- ထား၀ယ် ကားလမ်းမကြီးကို အဓိကထားအသုံးပြုပြီး လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သယ်ယူပို့ဆောင်တာ၊ တပ်ပြောင်းတပ်ရွှေ့ပြုလုပ်တာ နဲ့ အရပ်သားယာဉ်တွေနဲ့ သွားလာတာတွေ ကိုပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တွေနဲ့ ရောထွေးသွားလာတာမပြုဖို့၊ ကပ်မလိုက်ဖို့၊ ကားမှန်တံခါး အောက်ချပြီး မောင်းနှင်ကြဖို့ နဲ့ နံနက် ၆နာရီမှ ညနေ ၆နာရီအထိသာ ဖြတ်သန်းသွားလာကြဖို့ကို ထပ်မံ တောင်းဆိုထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ နီးကပ်စွာနေထိုင်ခြင်းမပြုဘဲ လုံခြုံရာသို့ အမြန်ဆုံးရွေ့ပြောင်းကြဖို့၊ မနက်ပိုင်းမှာ တစ်နေရာမှ တစ်နေရာသို့ သွားလာမယ်ဆိုရင် တိုက်ပွဲသတင်းကင်းထောက်ပြီး သွားလာကြဖို့ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက လုံခြုံရေးအရ စစ်ဆေးမှုပြုလုပ်ရင် ကြည်ကြည်ဖြူဖြူ ပူးပေါင်းပါ၀င်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
စစ်ရေးလှုပ်ရှားမှုပြုလုပ်ရတာဟာ အာဏာရှင်စနစ်အကြွင်းမဲ့ ကျရှုံးရေး နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက်သာ ဖြစ်တာကြောင့် စည်းကမ်းချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ပျက်ကွက်သူတွေရဲ့ တာ၀န်သာဖြစ်တယ်လို့ ပူးပေါင်းတပ်က ထုတ်ပြန်ထားပါတယ်။
သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြိတ်-ထားဝယ်ကားလမ်းအသုံးပြုသူတွေလိုက်နာဖို့ အလားတူစည်းကမ်းချက်တွေကို ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
