နန်းတောင်ရွာ ဘုန်းကြီးကျောင်းအနီးမှာ ရွာသားတစ်ဦး မိုင်းနင်းမိ

နန်းတောင်ရွာ ဘုန်းကြီးကျောင်းအနီးမှာ ရွာသားတစ်ဦး မိုင်းနင်းမိ

ပုလောမြို့နယ်၊ နန်းတောင်ရွာက ဘုန်းကြီးကျောင်းအနီးမှာ ရွာသားတစ်ဦး ခြေနင်းမိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းနင်းမိသူက နန်းတောင်ရွာသား အသက် ၃၀ ဝန်းကျင် ကိုသီဟဖြစ်ပြီး ၎င်းဟာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်အချိန်လောက်မှာ ဘဲစာကျွေးဖို့သွားစဉ် နန်းတောင်ရွာဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ ခြေနင်းမိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ရွာဘုန်းကြီးကျောင်းမှာက စကစက တပ်စွဲထားတာ ကြာပြီ။ သူတို့လုပ်လေ့ရှိတဲ့အတိုင်း တပ်စွဲထားတဲ့ အနီးတစ်ဝိုက် မိုင်းတောက်လျှောက်ချထားတာ။ အဲမှာနင်းမိသွားတာ” လို့ ရွာခံတစ်ဦးက ပြောပြပါတယ်။

မိုင်းကြောင့် ကိုသီဟရဲ့ခြေကျင်းဝတ်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေပြောဆိုနေကြပေမဲ့ ဒဏ်ရာအတိအကျကိုတော့ တနင်္သာရီတိုင်းမ်အနေနဲ့ မသိရသေးပါဘူး။ လက်ရှိမှာ‌တော့ ပုလောဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မိုင်းနင်းမိတဲ့ ကိုသီဟဟာ ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေအတွက် ရိက္ခာတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့သူလည်းဖြစ်တယ်လို့ ဒေသခံအချို့က ပြောဆိုတာတွေ ရှိပေမဲ့ ၎င်းအချက်နဲ့ ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။

နန်းတောင်ရွာရဲ့ အခြေအနေကို ဒေသခံအမျိုးသားတစ်ဦးကတော့ “ နန်းတောင်မှာက အရင် အာဏာမသိမ်းခင်ကတည်းက ရွေးကောက်ပွဲဖြစ်စဥ်ဘာညာ‌ပေါ့နော်၊ အဲဒီကတည်းက ကြံ့ခိုင်ရေးဘက်က သူတွေများတယ်။ အာဏာသိမ်းပြီးခြေနေမှာလည်းပဲ သူတို့နဲ့ ပူးပေါင်းတဲ့ သူတွေချည်းပဲနေတာ” လို့ ပြောပါတယ်။

KNU နယ်မြေနဲ့နီးတဲ့ နန်းတောင်ရွာမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိပြီး ဒီဂိတ်ဟာ ပုလောမြို့နယ်ထဲက အရပ်သားတွေကို ရိက္ခာသယ်ယူခွင့်အတင်းကြပ်ဆုံးဂိတ်တွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အရင်ကလည်း ပုလောဒေသခံအချို့ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးတာမျိုး ရှိခဲ့ဖူးပါတယ်။

The Tanintharyi Times