တနင်္သာရီတိုင်းမှာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖျက်ဆီးမှုတွေကြောင့် နေအိမ် နှစ်ဆယ်ကျော်ပျက်စီး

တနင်္သာရီတိုင်းမှာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖျက်ဆီးမှုတွေကြောင့် နေအိမ် နှစ်ဆယ်ကျော်ပျက်စီး

ပုံစာ - ပြီးခဲ့တဲ့လက ပျက်စီးခဲ့တဲ့နေအိမ်တွေ။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ်နှစ်ဆယ်‌ကျော်နဲ့ ဘာသာရေးအဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။

ထားဝယ်၊ ပုလော၊ တနင်္သာရီ၊ ရေဖြူ မြို့နယ်တွေက နေအိမ်တွေအဓိက ပျက်စီးခဲ့တာဖြစ်ပြီး နေအိမ် ၂၁ ဆောင်ထက်မနည်းရှိခဲ့တာကို တနင်္သာရီတိုင်းမ်က ရရှိထားတဲအချက်အလက်တွေအရတွေအရ သိရပါတယ်။

ပုလောမြို့နယ် စပူပြင်ရွာက နေအိမ်တစ်ဆောင်၊ တနင်္သာရီမြို့နယ် ဗောဓိကမ်းရွာက နေအိမ်တစ်ဆောင်နဲ့‌ လောင်းလုံးမြို့နယ် အင်းနီတွင်းရွာက နေအိမ်တစ်ဆောင်တို့ကို စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တာပါ။

အလားတူ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထားဝယ်မြို့နယ် မေတ္တာမြို့က ဆေးရုံနဲ့ ဆေးခန်းတွေအပြင် အိမ် ၁၅ ဆောင်၊ ရေဖြူမြို့နယ် ကျွဲတလင်းရွာက အိမ်တစ်ဆောင်နဲ့ရော်ဘာခြံ၊ တနင်္သာရီမြို့နယ် မောတောင်မြို့အနီးမှာလည်း ဥယျာဉ်ခြံတွေပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာက ရှင်ကိုးရှင်စာရင်း ရှင်ဓာတ်ဝဲဘုရားဝင်ထဲက ကျောင်းဆောင်နှစ်ဆောင်ရဲ့ ခေါင်မိုးနဲ့နံရံတွေပျက်စီးခဲ့သလို ပုလောမြို့နယ် ရှပ်ပုံရွာက နေအိမ်နှစ်ဆောင်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

မီးရှို့ခံရတာ၊ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ လက်နက်ကြီးကျည်ကြောင့်ထိခိုက်၊ ပျက်စီးခဲ့တဲ့နေအိမ်တွေအပြင် မွှေနှောက်ရိုက်ဖြိုခံရတဲ့ အိမ်တွေလည်းရှိခဲ့ပါတယ်။

ရေဖြူမြို့နယ် ရလိုင်ရွာနဲ့ ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာတွေက တိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့ လူမရှိတဲ့နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ရိုက်ဖြိုတာနဲ့အိမ်အသုံးအဆောင်ပစ္စည်းတွေကို ဝင်သိမ်းယူသွားတာတွေရှိခဲ့ပါတယ်။

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ်ပျက်စီးတာတွေက ပြီးခဲ့တဲ့နှစ်ကတည်းက လတိုင်းနီးပါးရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်က နေအိမ်မီးရှို့ခံခဲ့ရဖူးတဲ့ ပုလောဒေသခံအမျိုးသမီးတစ်ဦးကတော့ “အကုန်ပျက်စီးကုန်ပြီ အစ်မတို့မှာကျတော့ ဘာအလုပ်မှမရှိတော့တအားစိတ်ညစ်တယ်။ ဘာအလုပ်မှလည်းလုပ်မရဘူး။ အကူအညီအထောက်အပံ့လည်း တစ်ယောက်မှမရှိဘူး အခုချိန်ထိ။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဘုတ်ပြင်းမြို့နယ် လမ်းဖိုးကမ်းရွာက ပျူစောထီအဖွဲ့ဝင်ဆိုသူရဲ့အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီအိမ်ကနေတဆင့် မီးကူးပြီး ကပ်ရက်မှာရှိတဲ့ပြည်သူအိမ်နှစ်ဆောင်ပါ မီးလောင်ပြာကျခဲ့တာလည်း ရှိခဲ့ပါတယ်။

အလားတူ စစ်ကောင်စီတပ်ကို ရေကြောင်းကနေ ထောက်ပို့နေတယ်ဆိုတဲ့ ပုလောမြို့နယ်၊ ပလမြို့ခံ ဇနှီးမောင်နှံပိုင် လှေတစ်စီးကိုလည်း မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကတော့ တနင်္သာရီတိုင်းထဲကက‌ နေအိမ်သုံးဆောင်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်က တစ်ဆောင်ရှိခဲ့ပါတယ်။

The Tanintharyi Times