တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်း နေအိမ် ၃၀ နီးပါးအပြင် ဆိုင်ကယ်အများအပြားကို စစ် ကောင်စီတပ်က မီးရှို့ခဲ့

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်း နေအိမ် ၃၀ နီးပါးအပြင် ဆိုင်ကယ်အများအပြားကို စစ် ကောင်စီတပ်က မီးရှို့ခဲ့

ပုံစာ - စစ်ကောင်စီတပ်မီးရှို့ခဲ့တဲ့ လောင်းလုံးမြို့နယ်ကဆိုင်ကယ်တွေ။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အရပ်သားတွေရဲ့ ဆိုင်ကယ်တွေနဲ့ နေအိမ်အလုံး ၃၀ နီးပါးထဲမှာ ရေဖြူမြို့နယ်က နေအိမ် တွေ အများဆုံး ပါဝင်ခဲ့ပါတယ်။

တနင်္သာရီတိုင်းမ်က စောင့်ကြည့်ပြီး ကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ လောင်းလုံးမြို့နယ်က နေအိမ် ၉ ဆောင်၊ ရေဖြူမြို့နယ်က နေအိမ် ၁၇ ဆောင်နဲ့ ကော့သောင်းမြို့နယ်က နေအိမ် ၁ ဆောင်တို့ မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

လောင်းလုံးမြို့နယ်ထဲက ဆိုရင် ကမ်းပနီရွာနဲ့ ပညစ်ရွာ၊ ရေဖြူမြို့နယ်ထဲက မူးဒူးရွာ၊ ကော့သောင်းမြို့နယ်ထဲက မာရမ်းရွာတွေက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီရွာတွေဟာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်ခဲ့တဲ့ကျေးရွာတွေဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့အချိန်တိုင်း စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နေအိမ်မီးရှို့ခံရလို့ ရွှေ့ပြောင်းနေထိုင်နေရတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ပုလောဒေသခံအမျိုးသမီးတစ်ဦးက “အရင်ကအိမ်ပိုင်ခြံပိုင်နဲ့ အခုတော့ တဲထိုးပြီး မုန့်လုပ်ရောင်းနေတယ်။ ကျရာနေရာမှာတော့ မိသားစုအတွက် အဆင်ပြေအောင်နေနေတယ်။ တစ်နေ့တော့ ကျမတို့ဆုံးရှုံးခဲ့ရတာတွေပြန်ရမယ်လို့လည်းယုံထားတယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အရပ်သားနေအိမ်တွေအပြင် လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာအနီး မြစ်ကမ်းနံဘေး၊ ဒေသအခေါ် စန္ဒားဆိပ်က ရေလုပ်သားတဲ ၁၈ လုံးနဲ့ ဆိုင်ကယ်အစီးရေ ၂၀ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်တွေလည်း ရှိပါသေးတယ်။

ပုလောမြို့နယ် ပဝတ်ဖျားရွာက ဆောက်လက်စတိုက်အိမ်တစ်ဆောင်နဲ့ သစ်အိမ်တစ်ဆောင်၊ သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာက နေအိမ်နံရဲ့ ရေတွင်းတစ်တွင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သက်ဆိုင်မှုမရှိပေမယ့် မီးလောင်တဲ့အကြောင်းအရင်းမသိရဘဲ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ဆိပ်ကျေးရွာက နေအိမ်လေးဆောင်လည်း မီးကူးပြီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသတွင်း မီးသတ်ဌာနကိုအကြောင်းကြားခဲ့ပေမယ့် မီးလာငြိမ်းသတ်တာမျိုးမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့တနင်္သာရီတိုင်းအတွင်းက နေအိမ် ၄၄ လုံး၊ အရေးပေါ်ကား နှစ်စီးနဲ့ တဲအိမ် တစ်လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း နေအိမ် တစ်လုံးနဲ့ ဆိုင်ကယ် တစ်စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့တာ ရှိပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း နေအိမ်နဲ့ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အရေအတွက်ဟာ အောက်တိုဘာလမှာ အများဆုံးဖြစ်ခဲ့ပါတယ်။

The Tanintharyi Times