လေယာဉ်ပစ်လက်နက်တွေရှိရင် ၆လတာအတွင်း တော်လှန်ရေးပြီးပြတ်မှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရဲ့ တောင်ဆိုမှုတွေကို လိုက်နာလာနိုင်ဖွယ်ရှိတယ်လို့ NUG သမ္မတပြောဆို

လေယာဉ်ပစ်လက်နက်တွေရှိရင် ၆လတာအတွင်း တော်လှန်ရေးပြီးပြတ်မှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရဲ့ တောင်ဆိုမှုတွေကို လိုက်နာလာနိုင်ဖွယ်ရှိတယ်လို့ NUG သမ္မတပြောဆို

“ရုရှားလေယာဉ်တွေကို အသုံးပြု့ပြီး ပြည်သူလူထုတွေကို တိုက်ခိုက်သတ်ဖြတ်နေတာ၊ ရွာတွေကို လိုက်လံမီးရှို့နေတာ စသည်ဖြင့် ဒါတွေကို ကာကွယ်နိုင်ဖို့ လေယာဉ်ပစ်ချတဲ့ လက်နက်များရှိရင်တော့ ကျွန်တော်ထင်တာ ၆လလောက်နဲ့ဆိုရင် ကျွန်တော်တို့ လုံးဝနိုင်သွားပါပြီ။ သူတို့ကိုယ်တိုင်က ဆွေးနွေးပွဲစကားဝိုင်းကို ရောက်လာချင်မှာပါ။ နောက်ပြီး အာဆီယံရဲ့ အဆိုပြု့ချက်တွေလည်း လက်ခံလာမှာပါ။ နောက်ပြီး အမေရိကန်၊ EUနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကိုလည်း သူတို့လိုက်နာလာမှာပါ။ ဒါမှမဟုတ်ရင် သူတို့လိုက်နာမှာမဟုတ်ဘူး”

ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတဒူဝါလရှီးလအနေနဲ့ ရိုက်တာသတင်းဌာနရဲ့ Next အစီအစဉ်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ အင်တာဗျူးအစီးအစဉ်မှာ NUGယာယီသမ္မတက လေယာဉ်ပစ်လက်နက်တွေရှိလာရင် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေး အောင်နိုင်မှာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတကာရဲ့ တောင်ဆိုးမှုတွေကို လိုက်လျောလာရလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ပေမယ့် အချက်တစ်ချို့ကို စစ်ကောင်စီက သဘောတူခဲ့ရင် NUG အနေနဲ့ တွေ့ဆုံဆွေးနွေးကောင်း ဆွေးနွေးနိုင်တယ်လို့လည်း သူကပြောဆိုသွားပါတယ်။

ဒီအချက်တွေထဲမှာ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးလောကကနေ လုံးဝစွန့်ခွာဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းဖို့ တွေကို သဘောတူရမယ်လို့ ပါရှိပါတယ်။

“ကျွန်တော်တို့ မဆွေးနွေးမဖြစ် ဆွေးနွေးရမယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ အချက်အလက်တွေ ပြောချင်ပါတယ် တစ်အချက်ကတော့ အာဆီယံက ပြောထားသလိုဘဲ ပြည်သူလူထုတွေကို သတ်ဖြတ်နေတာတွေကို ချက်ချင်းရပ်ဆိုင်းရမယ်။နောက် တပ်မတော်ဟာ နိုင်ငံရေးလောကကနေ လုံးဝစွန့်ခွာဖို့ဆိုတာကို အာမခံချက်ရှိရမယ်။ နိုင်ငံသားတွေ ဒုက္ခရောက်နေတာကို နိုင်ငံတကာက ကူညီတဲ့ အကူအညီတွေကို အနှောက်အယှက်မရှိ ကူညီဖို့ သဘောတူညီရမယ်။နောက်တစ်ခါ ၂၀၀၈အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့အတွက်ကြောင့် အဲ့တာကို ဖျက်သိမ်းတယ်ဆိုတာကို သူတို့လက်ခံရမယ်။ နောက်တစ်ချက်က နိုင်ငံတကာကနေ ဒီဟာကို ခိုင်မာအောင် အာမခံထားတဲ့ကြားမှာ ဆောင်ရွက်ပေးဖို့လိုတယ်။ ဒါဆိုရင်တော့ ဆွေးနွေးကောင်း ဆွေးနွေးပါလိမ့်မယ်လို့ ပြောချင်ပါတယ်။” လို့ သူကဆိုပါတယ်။

ဆက်လက်ပြီးတော့ NUG ယာယီသမ္မတက မြန်မာနိုင်ငံအတွင်းက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ကူညီနိုင်ဖို့တွေကို ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်းဆိုထားပါတယ်။

“ကျွန်တော်တို့စဉ်းစားထားတာက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့အဆင်ပြေအောင်ဆက်ဆံမယ်။ သူတို့ဆီကနေ ကျွန်တော်တို့ အကူအညီတွေရအောင် စဉ်းစားထားတာတွေရှိပါတယ်။

ဒါကြောင့်မို့လို့ လူသားချင်းစာနာထောက်ထားတဲ့ဟာတွေကို စစ်ကောင်စီကနေ ငြင်းပယ်နေတဲ့အချိန်မှာ ကျွန်တော်တို့ နယ်စပ်ဖြတ်ကျော်ပြီးကူညီနိုင်ဖို့ ကျွန်တာ်တို့ ညှိနှိုင်ဆောင်ရွက်နေတာတွေရှိပါတယ်။

ဒါကိုအာဆီယံနိုင်ငံတွေကတဆင့်လည်းကြိုးစားပါတယ်။ နောက်တစ်ခါ အမေရိကန်နဲ့ ဥရောပသမဂ္ဂနဲ့လည်း ထိတွေ့ပြီး လုပ်ဆောင်နေတာရှိပါတယ်။ အထူသဖြင့် EROခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆိုပြု့ချက်နဲ့ သူတို့သဘောတူထားတာက Friend of Burma ခေါ်တဲ့ ကျွန်တော်တို့ကို တစ်ကယ်ကူညီတဲ့ မိတ်ဆွေနိုင်ငံများဆီကနေတစ်ဆင့် ကျွန်တော်တို့အကူအညီတွေရဖို့ ကြိုးစားနေတာရှိပါတယ်။ “

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းပေါင်း ၃၀၀ကျော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ၁၀၀ကျော်အထိရှိလာနေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀၀၀လောက် သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့လည်း NUG ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုခဲ့ပါတယ်။

The Tanintharyi Times