ပြီးခဲ့တဲ့လအတွင်း တနင်္သာရီတိုင်းက နေအိမ်လေးဆယ်ကျော်ကို စစ်ကောင်စီတပ် မီးရှို့
ပြီးခဲ့တဲ့လအတွင်း တနင်္သာရီတိုင်းက နေအိမ်လေးဆယ်ကျော်ကို စစ်ကောင်စီတပ် မီးရှို့
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းထဲမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်အရေအတွက်က လေးဆယ်ကျော်ရှိပြီး ဒီပမာဏဟာ သုံးလအတွင်းအများဆုံးဖြစ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့အချက်အလက်တွေအရ ရေဖြူမြို့နယ်မှာ အိမ် ၂၉ လုံး၊ လောင်းလုံးမြို့နယ်မှာ အိမ် ၁ လုံး၊ သရက်ချောင်းမြို့နယ်မှာ အိမ် ၉ လုံးနဲ့ ပုလောမြို့နယ်မှာနေအိမ် ၅ လုံး ရှိပြီး စုစုပေါင်း နေအိမ် ၄၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အဲ့ဒီမြို့နယ်တွေထဲမှာ အဓိကဆုံးရှုံးခဲ့တဲ့ နေရာတွေက ရေဖြူမြို့နယ်ထဲက ပုဂေါဇွန်း၊ ရလိုင်၊ မူးဒူး၊ ပရဒတ်၊ လဲရှောင်ရွာတွေဖြစ်ပြီး လောင်းလုံးမြို့နယ်ထဲမှာဆို အင်းနီတွင်းရွာ၊ သရက်ချောင်းမြို့နယ်ထဲက ဝဲရစ်၊ သိမ်ကုန်း၊ ရငဲ၊ ကျောက်ခမောက်ရွာတွေနဲ့ ပုလောမြို့နယ်၊ ကြဲရွာတွေက နေအိမ်တွေဖြစ်ပါတယ်။
နေအိမ်ဆုံးရှုံးခဲ့တာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ပုလောမြို့နယ်က အမျိုးသမီးတစ်ဦးက “အိမ်ကိုတော့လွမ်းတယ်။ အခုကလွမ်းရေးထက်ဝမ်းရေးကပိုခက်နေတယ်။ ကိုယ့်တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ပဲ ဖြေတယ်။ တချို့ဆို သားသမီးတွေပါ ဆုံးရှုံးထားရတာလေ။” လို့ ပြောပါတယ်။
နေအိမ်မီးရှို့တာတွေအပြင် ဇရပ်ဆိပ်ရွာက လူနာတင်ယာဉ်နှစ်စီးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တာလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် လောင်းလုံးမြို့နယ် မင်းရပ်ရွာက နေအိမ်နဲ့ ဘာသာရေးအဆောက်အုံဝင်းတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေအပြင် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေက နေအိမ် ရာနဲ့ချီပြီး မွှေနှောက်ဖျက်ဆီးခံခဲ့ရသလို ဆိုင်ကယ်၊ ကွန်ပျူတာ၊ ရွှေ၊ ငွေ၊ ဖုန်းနဲ့ တခြားအိမ်သုံးဆောင်ပစ္စည်းတချို့ တန်ဖိုးရှိတဲ့ပစ္စည်းတွေယူဆောင်သွားတာလည်း ရှိခဲ့တယ်လို့ ဒေသအသီးသီးက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ကျွန်းစုမြို့နယ်က ပျူစောထီးအဖွဲ့ဝင်ဆိုသူရဲ့ နှစ်ထပ်တိုက်အိမ် ၁ ဆောင်နဲ့ ဆိုင်ကယ် ၁စီးတို့ကို မီးရှို့ခဲ့တာလည်း ရှိခဲ့ပါတယ်။
ဖော်ပြထားတဲ့ဖြစ်စဉ်တွေဟာ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကိုမေးမြန်းကာ တနင်္သာရီတိုင်းမ်က လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့အချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက တနင်္သာရီတိုင်းအတွင်းက နေအိမ် ၄၁ ဆောင်၊ ဩဂုတ်လက နေအိမ် ၁၉ ဆောင်မီးရှို့ခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ နေအိမ်မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ဟာ သုံးလအတွင်း အများဆုံးဖြစ်ပါတယ်။
The Tanintharyi Times
