သင်္ကန်းတောရွာကထွက်တဲ့ ဓနိသကြား စျေးကောင်းမရ

သင်္ကန်းတောရွာကထွက်တဲ့ ဓနိသကြား စျေးကောင်းမရ

ပုံစာ - ဓနိသကြားလုပ်ငန်းခွင်တစ်ခု။ (ပုံဟောင်း)

ပုလောမြို့နယ်၊ တိုကျေးရွာအုပ်စုကထွက်တဲ့ ဓနိသကြားတွေဟာ နာမည်ကြီးပြီးလူကြိုက်များပေမယ့် စျေးကောင်းမရဘူးလို့ ဓနိသကြားချက်တဲ့သူတွေက ပြောပါတယ်။

တိုကျေးရွာအုပ်စု၊ သင်္ကန်းတောရွာကထွက်တဲ့ ဓနိသကြား ဆီပုံးဝါနဲ့တစ်ပုံးကို ရွာမှာရောင်းရင် ကျပ် ၃၅,၀၀၀ ဝန်းကျင်အများဆုံးရပြီး မြို့နယ်တစ်ခုတည်းက တခြားရွာတွေမှာတော့ ကျပ် ၅၀,၀၀၀ အနည်းဆုံးပေါက်ဈေးရှိနေတယ်လို့ သူတို့က ပြောပါတယ်။

“ဈေးကောင်းတဲ့နေရာမှာသွားရောင်းမယ်ဆို ရွာကထွက်ပြီး ဂိတ်တွေကဖြတ်ရတော့မယ်။ တစ်ရွာကနေတစ်ရွာသွားတာနဲ့ကျမတို့ကထောက်ခံစာကြေး၊ ဂိတ်ကြေး၊ တက္ကဆီခ လိုလာပြီ။ ပြီးရင်ကျမတို့က ဂိတ်တွေမှာစကားပြောအဆင်မပြေရင် အဖမ်းလည်းခံရနိုင်တယ်လေ” လို့ ဓနိသကြားချက်လုပ်ငန်းကိုလုပ်ကိုင်လာတာ နှစ်၂၀ ကျော်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဓနိသကြားချက်သူတွေရဲ့ အခက်အခဲကိုသိတဲ့ ဝယ်လက်တွေဟာ ရွာမှာ စျေးနှိမ်ပြီးလာဝယ်ကြတာဖြစ်တယ်လို့ အဲဒီ အမျိုးသမီးက ပြောပါတယ်။ ရောင်းတဲ့သူတွေကလည်း အေးအေးဆေးဆေးလုပ်ကိုင်စားသောက်ချင်လို့ ရသလောက်စျေးနဲ့ပဲ ရောင်းကြတယ်လို့ သူက ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေအပြင် ရေရှည်သိုထားဖို့နေရာ၊ သကြားထည့်ဖို့ ပုံးတွေမရှိတဲ့အခက်အခဲတွေနဲ့ ငွေပေါ်မြန်ချင်တာတွေကြောင့် သိုလှောင်တာမျိုးမလုပ်ဘဲ ဈေးနှိမ်ခံနေရတာသိရဲ့နဲ့ရောင်းနေရတဲ့ ဓနိသကြားချက်လုပ်ငန်းလုပ်ကိုင်သူတွေလည်းရှိနေပါတယ်။

“အဓိကက ဆီပုံးဝါတွေ။ ဝယ်ဖို့ကိုမရှိဘူး။ ဒိုင်တွေက ရာနဲ့ချီ ရှိသမျှအကုန်လိုက်သိမ်းထားတာ။ အလုံး ၂၅၀ ဆိုလည်း တခါတည်းဝယ်ချလိုက်တာပဲ။ ဒိုင်တွေက ရွာသားတွေမဝယ်နိုင်အောင် တမင်ကိုလုပ်ထားတာ”လို့ ဓနိသကြားလုပ်သက် လုပ်သက် ၄၀ နီးပါးရှိတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

သင်္ကန်းတောရွာထွက် ဓနိသကြားတွေဟာ သန့်ရှင်းသလို ဆီပုံးဝါတစ်ပုံးမှာ ဆိုရင်လည်း ပိဿာချိန် ၁၃ ပိဿာအနည်းဆုံးပါဝင်တဲ့အတွက် လူကြိုက်များကြတယ်လို့ ဓနိသကြားလုပ်ကိုင်သူတွေက ပြောပါတယ်။

ပုလောကထွက်တဲ့ ဓနိသကြားတွေကို မုန့်လုပ်တဲ့သူတွေအဓိက ဝယ်ယူကြပြီး ပုလောမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်တွေကို အဓိက ပို့ကြတာဖြစ်ပါတယ်။

ပုလောမြို့နယ်ဟာ ဓနိတောတွေများတဲ့ တနင်္သာရီကမ်းရိုးတန်းကဒေသတစ်ခုဖြစ်ပြီး ဓနိသကြားချက်လုပ်ငန်းလုပ်ကိုင်သူများ ၂၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။

The Tanintharyi Times