“ တစ်ပတ်တာ မြန်မာ ”

“ တစ်ပတ်တာ မြန်မာ ”

နိုင်ငံတဝှမ်းမှာ ဇူလိုင် ၂၇ ရက်ကနေ ဩဂုတ် ၂ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၉ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ မိုးကုတ်မြို့ကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ၁၂ဦး သေ၊ ၁၄ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဒီကနေ့၊ ဩဂုတ် ၂ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ၁၂ဦးသေဆုံးပြီး ၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ပါတယ်။ ဗုံးကြဲတာကို ဒီကနေ့ မနက် ၈နာရီခွဲလောက်က ပြုလုပ်ခဲ့တာပါ။ မိုးကုတ်မြို့အနောက်ပိုင်းမှာ ဒေသခံတွေ အသွားအလာများနေချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်၂၅၀ ဗုံး နှစ်လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ TNLAက ထုတ်ပြန်ပါတယ်။ ဗုံးကျရောက်ပေါက်ကွဲလို့ သံဃာတော်တစ်ပါး၊ ကလေးတစ်ဦးနဲ့ အမျိုးသား ၁၀ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၂ ဦးနဲ့အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ဆယ်အိမ်၊ ကား သုံးစီးနဲ့ ဆိုင်ကယ်သုံးစီးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂။ စစ်သင်္ဘော ၁၀စီးကျော် ဗန်းမော်ရောက်ရှိ၊ KIAက ၆စီးဖျက်စီး

အာဏာသိမ်းစစ်ကောင်စီရဲ့ သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်ခိုက်ခဲ့လို့ သင်္ဘောတွေ ထိခိုက်ပျက်စီးမှုရှိပေမယ့် လက်ကျန် သင်ေ္ဘာ၁၀စီးထက်မနည်းဟာ ဗန်းမော်မြို့ကို ရောက်ရှိခဲ့ကြောင်း People’s Spring က သတင်းရေးသားထားပါတယ်။ အခုလ ၁ရက်က ရွှေကူနဲ့ ဗန်းမော်မြို့နယ်အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်သင်္ဘောအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ညပိုင်းအချိန်မှာ သင်္ဘောအများစုမှာ ဗန်းမော်မြို့ကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။စစ်သင်္ဘော ၆စီးကို ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တာလို့လည်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောထားပါတယ်။စစ်ကောင်စီစစ်သင်္ဘောတွေဟာ ရွှေကူကနေဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ရက်ကတည်းက အသုတ်လိုက် ထွက်ခွါခဲ့ကြတာပါ။

၃။ ဆွာဆည်ပေါ်က တပ်ဖွဲ့ ကို ​တော်လှန်​ရေးတပ်တွေတိုက်ခိုက်၊ ဗိုလ်ကြီးအပါခြောက်ဦးသေဆုံး

တောင်ငူခရိုင်၊ ပဲခူးရိုးမအတွင်းက ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၃၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။ ‌‌အဲ့ဒီတိုက်ခိုက်မှုကို ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ(၂၁)၊ အမှတ်(၃၅၀၁) တပ်ရင်းနဲ့အတူ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PIO/PIA၊ACDF(Asho Chin Defense Force)တို့ပူးပေါင်းပါဝင်ခဲ့တာလို့ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင်ခြောက်ဦးသေဆုံးပြီး သေနတ်ခြောက်လက်နဲ့ ကျည်​တွေ၊စစ်အသုံးအဆောင်ပစ္စည်း​တွေသိမ်းဆည်းရရှိခဲ့ပါတယ်။ NUGကအမှတ်(၂) စစ်ဆင်ရေးနယ်မြေသတ်မှတ်ထားတဲ့ ပဲခူးတိုင်းစစ်ဌာနအတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့အသိပေးထားပါတယ်။

၄။ မြန်မာရွေးကောက်ပွဲအစီအစဉ်အပေါ် အာဆီယံရှုတ်ချမှု အဖွဲ့အစည်း ၂၄၀ ခန့် ကြိုဆို

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ပြတ် ပြတ်သားသား ရှုတ်ချမှူအပေါ် Burma Campaign UK အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၄၀ နီးပါးကအသိအမှတ်ပြုကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ ဇူလိုင် ၃၁ ရက်စွဲနဲ့ အဲ့ဒီထုတ်ပြန်ချက်မှာတော့ ဒါဟာ မြန်မာနိုင်ငံအကျပ်အတည်းကို ပိုမိုခိုင်မာပြီး တာဝန်ယူမှုရှိတဲ့ ချဉ်းကပ်မှုဆီသို့ ဦးတည်တဲ့ အစုအဖွဲ့ရဲ့ ရပ်တည်ချက်မှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတခုဖြစ်သလို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ နောက်ထပ်ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနောက်ကို လိုက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြပါတယ်။ စစ်အုပ်စုက စီစဉ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ထောက်ခံမှု အားလုံးကို ရပ်တန့်ဖို့ အာဆီယံကို လူသိရှင်ကြား ရှုတ်ချဖို့လည်း ထပ်ခါတလဲလဲ တောင်းဆိုခဲ့သလို အမည်ခံမဲအပေါ် အာဆီယံရဲ့ ပြတ်ပြတ်သားသား ရှုတ်ချမှုကို အလေးအနက် သတိပြုမိကြောင်းလည်း ဖော်ပြထားပါတယ်။

၅။ စစ်ကောင်စီ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေသူ ၈ သောင်းတိုးပေမဲ့ မနှစ်ကထက် ကျရှုံးသူများ

စစ်ကောင်စီက မတ်လ ၂၈ ရက် ငလျင်ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို နောက်တစ်ကျော့ ကျင်းပခဲ့ပေမဲ့ အောင်မြင်သူ ရာခိုင်မှုန်းဟာ မနှစ်က အောင်ချက်ထက် ကျဆင်းခဲ့ပါတယ်။အခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူဟာ မနှစ်ကထက် ပိုများပေမဲ့ အောင်ချက် ရာခိုင်နှုန်းကတော့ ၁၀ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဖြေဆိုသူ ၁ သိန်း ၂ သောင်း ၈ ထောင်ကျော် ရှိပြီး အောင်မြင်သူက ၇ သောင်း ၄ ထောင်ကျော်နဲ့ အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရှိပါတယ်။ အခုနှစ်မှာတော့ ဖြေဆိုသူက နှစ်သိန်းကျော်ရှိပေမဲ့ အောင်မြင်သူက ၉ သောင်း ၉ ထောင်ကျော်ရှိကာ အောင်ချက်ရာခိုင်နှုန်းက ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတက္ကသိုလ် မီးလောင်မှုဖြစ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ ကချင် စတဲ့ တိုင်းနဲ့ပြည်နယ်က ကျောင်းသား ၆ သောင်း ၂ ထောင်ကျော်ရဲ့ အဖြေလွှာတွေ မီးလောင်မှုထဲ ပါခဲ့ပါတယ်။ အဖြေလွှာမီးလောင်တဲ့အထဲ ပါသွားတဲ့ ကျောင်းသားတွေက စာမေးပွဲပြန်ဖြေခဲ့ကြရပြီး အောင်စာရင်းကိုတော့ အရင်ဖြေထားသူတွေနဲ့ တစ်ပေါင်းတည်း ထုတ်ပြန်တာဖြစ်ပါတယ်။

၆။ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးထားတဲ့ ပုဒ်မ သုံးခုကို ရပ်ဆိုင်း

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးထားတဲ့ ဥပဒေထဲက ပုဒ်မ ၅ ၊ ၇ နဲ့ ၈ ကို ရပ်ဆိုင်းထားတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြန်ပါတယ်။ဒီဥပဒေက သမ္မတ ဦးထင်ကျော်လက်ထက်၊ ၂၀၁၇ ခုနှစ်မှာ လက်မှတ်ရေးထိုး ခဲ့တာပါ။ရပ်ဆိုင်းလိုက်တဲ့ ပုဒ်မ ၅ က လူတစ်ယောက်ရဲ့ နေအိမ်၊ အခန်း၊ အဆောက်အအုံ၊ ပရဝဏ်တွေထဲကို ဥပဒေအရ ဝင်ရောက်ရှာဖွေ သိမ်းဆည်းမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ရှာဖွေ ဖမ်းဆီးမယ်ဆိုရင် အဲဒီရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ တာဝန်ခံ၊ ဆယ်အိမ်မှူး တစ်ယောက်ယောက် အပါအဝင် အနည်းဆုံး သက်သေ နှစ်ယောက် ပါရမယ်လို့ ပြဌာန်းထားတာပါ။ ပုဒ်မ ၇ ကတော့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုထားတဲ့ ကိစ္စကလွဲပြီး တရားရုံးရဲ့ ခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ ၂၄ နာရီ ထက် ကျော်လွန်ပြီး ချုပ်နှောင်ခွင့် မပြုရဆိုတဲ့ အချက်ပါ။ ပုဒ်မ ၈ ကတော့ တရားဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ဒါမှမဟုတ် ဝရမ်းမပါဘဲဖြစ်ဖြစ်၊ နိုင်ငံတော် သမ္မတ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ ခွင့်ပြုချက် မရှိဘဲ ဖြစ်ဖြစ် နိုင်ငံသားတစ်ယောက်ရဲ့ အိမ်တွေ၊ အခန်း၊ အဆောက်အဦ၊ ပရဝဏ်တွေထဲကို ရှာဖွေ၊ ဖမ်းဆီး၊ သိမ်းဆည်းတာတွေ မလုပ်ရဘူးလို့ ပြဌာန်းထားတာပဲ ဖြစ်ပါတယ်။ 

၇။ ပုလဲ၊ ကန့်ဒေါင့်ရဲစခန်း စစ်ကောင်စီပြန်သိမ်းပိုက်

တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ်က ဩဂုတ် ၁ ရက် ညနေပိုင်းမှာ ပြန်သိမ်းပိုက်လိုက်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။ ကန့်ဒေါင့်ရဲစခန်းကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုတွေက ဇွန် ၁၉ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၀ ကျော်မှာ ပြန်လက်လွှတ်လိုက်ရတာလို့ ဆိုပါတယ်။ ကန့်ဒေါင့်နယ်မြေ ရဲစခန်းတိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။

၈။ မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာ

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၆၃ ခုကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၃၁ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒီမြို့နယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေပါ။ ရှမ်းပြည်နယ်ကဆို မြို့နယ် ၁၅ ခုနဲ့ အများဆုံး ပါဝင်ပါ တယ်။ ရခိုင်ပြည်နယ်မှာဆိုရင် အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုလုံး ပါပါတယ်။ ကချင်ထဲက မြို့နယ် ၅ ခု၊ ချင်းပြည်နယ်ထဲက မြို့နယ် ၇ ခု စစ်အုပ်ချုပ်ရေးကြေညာတဲ့ စာရင်းထည့်ထားပါတယ်။ မကွေး၊စစ်ကိုင်း၊ကရင်၊ကရင်နီ(ကယား)နဲ့ မန္တလေးကတော့ မြို့နယ်ပေါင်း ၂၂ မြို့နယ် ပါဝင်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေက စစ်ခုံရုံးတွေမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန် မှု အပါအဝင် ပြစ်မှု ၂၃ ခုကို စစ်ဆေးမှာဖြစ်ပါတယ်။ 

၉။ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဖွဲ့၊ ကာ/လုံက ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်း 

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ဇူလိုင် ၃၁ မှာ ဖွဲ့စည်းလိုက်ပါတယ်။ ကော်မရှင်ရဲ့ ဥက္ကဌတာဝန်ကိုတော့စစ်ခေါင်းဆောင်က တာဝန်ပေးလိုက်တယ်လို့ ဖော်ပြပါတယ်။ ကော်မရှင်ဒုတိယဥက္ကဋ္ဌက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပါ။ အဖွဲ့ဝင်တွေက ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တာဝန်ယူထားပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲစည်းလိုက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အမျိုးသားစီမံကိန်းဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးညိုစောကို တာဝန်ပေးထားပါတယ်။

The Tanintharyi Times