ဘုတ်ပြင်းမှာ လက်လုပ်သေနတ်နဲ့ ပစ်ခံရလို့ ဇနီးမောင်နှံနှစ်ဦး သေဆုံး
ဘုတ်ပြင်းမှာ လက်လုပ်သေနတ်နဲ့ ပစ်ခံရလို့ ဇနီးမောင်နှံနှစ်ဦး သေဆုံး
ဘုတ်ပြင်းမြို့နယ်ထဲက ထောင်မွန်ရွာမှာ လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဇနီးမောင်နှံ့နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ညသန်းခေါင်ယံ ၁ နာရီလောက်မှာ ဥယျာဉ်ခြံအတွင်း ပစ်ခတ်ခံရတာဖြစ်ပြီး သေဆုံးသူတွေက အသက် ၆၈ နှစ်အရွယ် ဦးခင်မောင်လွင်နဲ့ ဇနီးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဒေါ်မြင့်ခိုင်လို့ သိရပါတယ်။
ပစ်ခတ်မှုနဲ့အနီးမှာရှိနေတဲ့ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုကျော်ကျော်လွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ကျန်းမာရေးကူညီမှုအသင်းကနေ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ရဲ့သတင်းတွေကို အသားပေးဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အသက် ၄၀ နှစ်ခန့်ရှိတဲ့အကြမ်းဖက် PDF နှစ်ဦးရောက်လာပြီး ပစ္စတို၊ လက်လုပ်တူးမီးသေနတ်တို့နဲ့ အဆိုပါ မိသားစုကို လာရောက်ပစ်ခတ်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒီရေးသားချက်နဲ့ပတ်သက်ပြီး ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကတော့ “အခုရက်ပိုင်း PDF တွေလည်း အပြင်မထွက်ဘူး။ ဘုတ်ပြင်း(ပကဖ)ကလည်း အပြင်မထွက်ဘူး။” လို့ ပြောပါတယ်။
ရွာအနီးနားက ဒေသခံတွေကို မေးကြည့်ရာမှာ စစ်ကောင်စီတပ်ကားတစ်စီး မနေ့က ဝင်သွားတာ တွေ့တယ်လို့ပြောတဲ့အကြောင်း အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။
ဒေသခံအချို့ကတော့ အရပ်သားအချင်းချင်းစကားများ ရန်ဖြစ်ပြီးပစ်ခတ်တာလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။
အရပ်သား အချင်းချင်းသေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အလားတူဖြစ်စဉ်တွေလည်း တင်္နသာရီမြို့နယ်မှာ အရင်က ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာက အသက် ၅၈ နှစ်အရွယ် ဒေါ်ဝါဝါဌေး သေနတ်နဲ့ လုပ်ကြံပစ်သတ်ခံရသလို အခုနှစ် ဇန်နဝါရီလကလည်း တနင်္သာရီမြို့နယ်၊ ပဝကျေးရွာက အသက် ၂၆ နှစ်အရွယ် ကိုနှင်းထွန်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
အခုနှစ် ဧပြီလကလည်း တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာနေ စစ်ကောင်စီတပ်ထွက် အသက် ၄၀ ကျော်အရွယ် ဦးဇော်ထွန်းဆိုသူ နေအိမ်မှာပဲ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။
တနင်္သာရီမြို့နယ်က ပစ်သတ်ခံရမှုတွေက လက်လုပ်သေနတ်တွေချည်းမဟုတ်ဘဲ စစ်ဘက်သုံးသေနတ်တွေလည်း ပါဝင်နေတယ်လို့ တနင်္သာရီမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
ဖော်ပြထားတဲ့အချင်းချင်းပစ်ခတ်မှုတွေဟာ တနင်္သာရီတိုင်းမ်က လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့အချက်တွေသာဖြစ်ပြီး မြေပြင်မှ ဒီထက်ပိုနိုင်ပါတယ်။
The Tanintharyi Times

