ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းကို PDF တွေမဖောက်ခွဲခဲ့ဘူးလို့ဆို

ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းကို PDF တွေမဖောက်ခွဲခဲ့ဘူးလို့ဆို

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသကနေ ထိုင်းနိုင်ငံကိုပို့နေတဲ့ PTTEP ကုမ္ပဏီရဲ့ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဟာ ဒေသခံ PDF မဟာမိတ်တပ်ဖွဲ့တွေနဲ့မသက်ဆိုင်ဘူးလို့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF) တာဝန်ရှိသူကပြောပါတယ်။

သြဂုတ်လ ၁ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်က အိန္ဒရာဇာရွာနဲ့ မိကျောင်းလှောင်းရွာအကြားဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ ဖောက်ခွဲခံရတာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေတာပါ။

” KBDF ရော၊ ရေဖြူမြို့နယ်ထဲမှာရှိတဲ့မဟာမိတ်အဖွဲ့တွေရော ဘယ်သူမှ လုပ်တာမဟုတ်ပါဘူး။

ကျနော်တို့သိရသလောက်က ကုမ္ပဏီကပိုက်လိုင်းဆောက်လုပ်တဲ့အချိန်ကတည်းက တည်ဆောက်မှုအပိုင်းမှာ နည်းပညာ အားနည်းလို့ဖြစ်တာပါ။ ကျနော်တို့ဒီလိုပဲမြင်ပါတယ်” လို့ KBDF ရဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

PTTEP ကုမ္ပဏီဘက်ကတော့ ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဓာတ်ငွေ့တင်ပို့မှုရပ်ဆိုင်းထားတယ်လို့ထုတ်ပြန်ထားပါတယ်။

အဲဒီပိုက်လိုင်းကို PDF တွေကိုအပြစ်ပုံချဖို့အတွက် စစ်ကောင်စီတပ်ရဲ့လက်အောက်ခံအဖွဲ့တွေက ဖောက်ခွဲခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်တာတွေလည်းရှိနေပါတယ်။

PTTEP ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီဟာ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ တိုတယ်ကုမ္ပဏီရဲ့ရှယ်ယာတွေကိုလည်းလွှဲပြောင်းရယူထားပါတယ်။

The Tanintharyi Times