ပုဂေါဇွန်းကျေးရွာက NLD ထောက်ခံသူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ရွာသားနှစ်ဦး ပျောက်ဆုံးနေ

ပုဂေါဇွန်းကျေးရွာက NLD ထောက်ခံသူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ရွာသားနှစ်ဦး ပျောက်ဆုံးနေ

ဓာတ်ပုံ - စစ်ကောင်စီတပ်သားတွေမွှေနှောက်ဖျက်ဆီးခဲ့တဲ့နေအိမ်တချို့။ (ရေဖြူပအဖ)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာက ဒေသခံတစ်ဦးသေသလား၊ ရှင်သလား အခုအချိန်အထိ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရသူမှာ အသက် (၆၀)ကျော် အရွယ် ဦးစောရှီ ဆိုသူဖြစ်ပြီး NLD ပါတီကို ထောက်ခံသူ တစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်၊ ဇူလိုင် (၃၁) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး သေနတ်နဲ့ ပစ်ကာ လမ်းပေါ်မှာ အဝတ်စတွေကျန်ခဲ့တဲ့အထိ ဒရွတ်တိုက် ဆွဲခေါ် ကားပေါ်တင်ဖမ်းသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပုဂေါဇွန်းရွာက NLD ထောက်ခံသူတွေဟာ ဇူလိုင် (၃၀) ရက်နေ့ကတည်းက တစ်အိမ်ပြီးတစ်အိမ် အဝိုင်းခံနေရတာလို့ သိရပါတယ်။

ဦးစောရှီသေနတ်နဲ့ပစ်ပြီးဖမ်းဆီးခံရတဲ့ နေ့မှာပဲ ဦးထိန်ဝင်းနဲ့ ဦးဇော်ဆိုသူ ရွာသားနှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ရွာခံတွေက ပြောပြပါတယ်။

ပုဂေါဇွန်းရွာ ဘုန်းကြီးကျောင်းမှာ စစ်ကားအကြီး ရှစ်စီးစာအင်အားရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တပ်စွဲနေထိုင်ပြီး မနေ့ကညနေမှ ပြန်သွားကြတယ်လို့ နယ်ခံတွေက ပြောပြပါတယ်။

ဒီကနေ့နံနက်ပိုင်းကလည်း ပုဂေါဇွန်းရွာ အရှေ့ဘက်နဲ့ ရန်ကင်းရွာအကြားမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လှည့်လည်နေတဲ့အတွက် ရွာမှာရှိတဲ့ အိမ်ခြေ (၇၀၀) ခန့်က ပြည်သူတွေဟာ ဘေးလွတ်ရာသို့ ရှောင်ပြေးနေကြတယ်လို့ သိရပါတယ်။

The Tanintharyi Times