ထားဝယ်မှာ စစ်ကောင်စီ တပ်ရင်းကထွက်လာတဲ့ အိမ်စီးကားပစ်ခတ်ခံရပြီး ဗိုလ်ကြီးသေဆုံး

ထားဝယ်မှာ စစ်ကောင်စီ တပ်ရင်းကထွက်လာတဲ့ အိမ်စီးကားပစ်ခတ်ခံရပြီး ဗိုလ်ကြီးသေဆုံး

ဓာတ်ပုံ - YPPDF

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးမှာ ရေဖြူအခြေစိုက်စစ်ကောင်စီတပ်ရင်းကထွက်လာတဲ့ အိမ်စီးကားကိုပစ်ခတ်ခဲ့လို့ ဗိုလ်ကြီးတစ်ဦးသေဆုံးသွားတယ်လို့ YPPDF အဖွဲ့ဆီကသိရပါတယ်။

မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ ရေဖြူအခြေစိုက်စစ်ကောင်စီတပ် ခမရ (၄၀၇) ကထွက်လာတဲ့အိမ်စီးကားတစ်စီးကို သတင်းအရ စောင့်ဆိုင်းပစ်ခတ်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုကြောင့် ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီ ဗိုလ်ကြီး ဇင်ဝင့်အောင်ဟာ နေရာမှာပဲပွဲချင်းပြီး သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်ခံရတဲ့ကားပေါ်မှာ ဗိုလ်ကြီးဇင်ဝင့်‌အောင်ရဲ့ ဇနီးဖြစ်သူနဲ့ ကလေးငယ်နှစ်ဦးလည်းလိုက်ပါလာတယ်လို့ YPPDF အဖွဲ့ဆီကသိရပါတယ်။ သူတို့ကိုတော့ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

“အမျိုးသမီးနဲ့ ကလေးတွေမှာထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ သူတို့ကိုထိန်းသိမ်းထားတာမျိုးလည်းမရှိပါဘူး” လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီဗိုလ်ကြီး ဇင်ဝင့်အောင်ဟာ ဘယ်တပ်ရင်းကဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အခုတိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဥ်ဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်သား ၄၀ ကျော်လောက်က ကားပစ်ခတ်ခံရတဲ့ မောင်မယ်ရှောင်ကျေးရွာထဲ ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ရွာခံတွေနဲ့လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒီနေ့နေ့လယ်ပိုင်းအထိလည်း စစ်ကောင်စီတပ်သားတွေ မောင်မယ်ရှောင်‌ကျေးရွာထဲမှာ ဆက်ရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကြောင့် ရွာခံအများစု နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာလည်း မောင်မယ်ရှောင်ကျေးရွာအနီးက ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မတော်တို့ပူးပေါင်းပြီး ကားနဲ့သွားရောက်ပစ်ခတ်တာနဲ့ အလောင်းလာသယ်တဲ့ ခြေလျင်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဗထူးတပ်မ‌တော်ကထုတ်ပြန်ထားပါတယ်။

The Tanintharyi Times