ပကာရီရွာသားတစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ လမ်းဘေးမှာ သေဆုံးနေ

ပကာရီရွာသားတစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ လမ်းဘေးမှာ သေဆုံးနေ

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာက အမျိုးသားတစ်ဦးကို သေနတ်ပစ်ခတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

သေဆုံးနေသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် ပကာရီရွာသား ကိုဇော်ထိုက် ဆိုသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ၂၉ ရက်နေ့ မနက်ပိုင်းက ပကာရီရွာကနေ ရေဝိုင်းရွာဘက်ကိုသွားတဲ့ လမ်းနဘေးမှာ ပစ်သတ်ခံထားရတဲ့ကျည်ဆံရာတွေနဲ့ သူ့ရဲ့အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“နားထင်တစ်ချက်၊ နောက်ကျောတစ်ချက်နဲ့ မျက်နှာတစ်ချက်လို့ကြားတယ်။ ပကာရီရွာအထွက်နားမှာ သူ့ခြံရှိတယ်။ အဲဒီခြံကိုအသွားမှာ ပစ်သတ်ခံရတာပါ” လို့ ပစ်သတ်ခံရသူနဲ့ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပြပါတယ်။

အသတ်ခံရတဲ့ ကိုဇော်ထိုက်ဟာ ခြံလုပ်ငန်းနဲ့မွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်သူဖြစ်ပြီး ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာကိုတော့ မသိရကြောင်း ၎င်းက ဆက်ပြောပါတယ်။

အနီးအနားရွာက ဒေသခံအချို့ကတော့ အခုပစ်သတ်ခံရသူဟာ စစ်ကောင်စီတပ်ကိုသတင်းပေးတာတွေနဲ့ တိုင်တန်းတာတွေလုပ်နေတယ်လို့ ကြားရကြောင်း ပြောပါတယ်။ အဲဒီပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

သူ့ကိုဘယ်သူတွေက ဘယ်အဖွဲ့ကပစ်သတ်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

သူ့ရဲ့အလောင်းကိုတော့ အလောင်းတွေ့ခဲ့တဲ့ နေ့မှာပဲ မိသားစုက မီးင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times