မောရဝတီရေတပ်က စစ်သားဆယ်ယောက်ကျော်ထွက်ပြေးပြီးနောက် ရေဖြူမှာ စစ်ကောင်စီတပ်တွေ ဆက်တိုက်စစ်ကြောင်းထိုး၊ ရှာဖွေနေ
မောရဝတီရေတပ်က စစ်သားဆယ်ယောက်ကျော်ထွက်ပြေးပြီးနောက် ရေဖြူမှာ စစ်ကောင်စီတပ်တွေ ဆက်တိုက်စစ်ကြောင်းထိုး၊ ရှာဖွေနေ
မောရဝတီရေတပ်စခန်းဌာနချုပ်က စစ်သားဆယ်ယောက်ကျော် ထွက်ပြေးပြီးနောက်ပိုင်းမှာ စစ်တပ်က နေရာအနှံ့စစ်ကြောင်းထိုးပြီး တောနင်းရှာဖွေတာတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာရှိတဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်က စစ်သား ၁၂ ယောက်ဟာ စက်တင်ဘာလလယ်လောက်က ထွက်ပြေးသွားကြတာပါ။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဟာ ကံပေါက်ဒေသမှာ အစစ်အဆေးတင်းကြပ်တာတွေ လုပ်ဆောင်ခဲ့သလို ရေဖြူမြို့နယ်ထဲက ကျေးရွာတော်တော်များများကိုလည်း အင်အားသုံးပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် KNU တပ်မဟာ ၄ ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျေးဇူးတော်ရွာအပြင် နှမ်းကြဲ၊ ကရင်ရှင်ထဘီ၊ မိုင် ၃၀၊ သက်ကယ်ကွက်၊ ရေပုံး၊ ကျောက်ရှပ်စတဲ့ ကျေးရွာတွေမှာလည်း စစ်ကြောင်းထိုးတာတွေ၊ တောနင်းရှာဖွေတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အချို့ရွာတွေမှာတော့ နေအိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်စစ်တာတွေ အထိလုပ်ဆောင်ခဲ့ပြီး ဒေသခံအချို့ကိုဖမ်းဆီးတာအပြင် လူမရှိတဲ့နေအိမ်တွေကို ရိုက်ဖျက်၊ ကန်ဖျက်ပြီး ကား၊ ဆိုင်ကယ်တွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်သွားတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၃၀ ရက်ညကလည်း ကံပေါက်ရွာ၊ Delco သတ္တုထုတ်လုပ်ရေး အနောက်ဘက်တောင်ကျောကို စစ်ကောင်စီတပ်တွေက တောနင်းရှာဖွေတာတွေ လုပ်ခဲ့ကြပါသေးတယ်။
” အဲနေရာတွေကတော်ရုံ သိပ်မသွားကြဘူး။ ခရီးကြမ်းတော့ အရမ်းပင်ပန်းရတဲ့နေရာတွေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနေရာအနှံ့စစ်ကြောင်းထိုးတာတွေ၊ တောနင်းတာတွေလုပ်နေတဲ့ကြားထဲမှာပဲ စစ်ကောင်စီတပ်သားတွေထပ်ပြီးထွက်ပြေးတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
The Tanintharyi Times
