“လူအိုပါပြေးရမဲ့ကိန်းဆိုက်နေပြီ”
“လူအိုပါပြေးရမဲ့ကိန်းဆိုက်နေပြီ”
စစ်ကောင်စီဟာ အာဏာသိမ်းပြီးသုံးနှစ်အကြာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုပြီး ပြည်တွင်းကလူငယ်တွေကို အာဏာရှင်စနစ်ရဲ့ ဒိုင်းကာအဖြစ်အသုံးပြုခဲ့ပါတယ်။ အဲဒီစစ်မှုထမ်းဥပဒေကြေညာပြီး ခြောက်လအကြာမှာတော့ ကျန်ရှိတဲ့အသက်အပိုင်းအခြားတွေကိုပါ စစ်ကောင်စီက ပစ်မှတ်ထားလာပြန်ပါတယ်။ အဲဒါကတော့ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတဲ့ခေါင်းစဥ်နဲ့ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို လက်နက်ကိုင်စေပြီး စစ်ပွဲမှာအသုံချဖို့လုပ်ဆောင်လာတာပါ။
လက်ရှိမှာတော့ နိုင်ငံအတွင်းက တချို့နေရာတွေမှာ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးခေါင်းစဥ်နဲ့ခေါ်ယူတာတွေ လုပ်ဆောင်တာတွေ ရှိလာနေပါပြီ။ အဲဒီအပေါ်မှာ တနင်္သာရီတိုင်းအတွင်းက အသက်ကြီးပိုင်းအမျိုးသားတွေကြားမှာ ဘယ်လိုတွေပြောဆိုနေကြလဲ။ သူတို့ဘာတွေကို စိုးရိမ်နေကြလဲဆိုတာတွေကို ဒီတစ်ပတ်ရဲ့ တောင်ပိုင်းသားတို့အသံကကဏ္ဍကနေ မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။
တောင်ပိုင်းသားတို့အသံ
ဦးကိုငယ် (အသက် ၅၄ နှစ်အရွယ် ထားဝယ်မြို့ခံအမျိုးသား)
မေး – စစ်ကောင်စီက ရပ်ကျေးအဆင့်အထိ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့မယ်ဆိုပြီး အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို ခေါ်မယ်လို့ သတင်းထွက်နေတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာတွေ သိထားတာရှိလဲ။
ဖြေ – လိုင်းပေါ်မှာသတင်းတွေ တွေ့တာတွေရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ခဏခဏ တွေ့တော့ သေချာတော့ဝင်ဖတ်ထားတယ်။ သူတို့ကတော့ ရပ်ရွာလုံခြုံရေးပုံစံပြောတာပေါ့။ တကယ်က ပျူစောထီးထပ်ဖွဲ့ခိုင်းတာမျိုးပါပဲ။
မေး – ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ပတ်သက်ပြီး ဘယ်လိုတွေကြားနေရလဲ။
ဖြေ – ဘာမှတော့ ပြောတာမကြားရပါဘူး။ အရမ်းကြီး အာရုံစိုက်ကြတာ၊ ပြောကြဆိုကြတာမရှိဘူး။ လူတွေကတော့ ဟာသလိုဖြစ်နေတယ်။ တစ်မျိုးပြီး တစ်မျိုးဖြစ်နေကြတာဆိုတော့ အဲဒီနောက်ကိုမလိုက်နိုင်ကြတော့ဘူး။
မေး – အခုဆိုရင် တချို့နေရာတွေမှာ ကျေးရွာတစ်ရွာ၊ ရပ်ကွက်တစ်ခုကို ၁၀ ယောက်စီဆိုတာမျိုးခေါ်နေပြီ။ အဲဒီအပေါ်မှာ အစ်ကို့အနေနဲ့ စိုးရိမ်မှုရှိလား။ ဘယ်လိုတွေစိုးရိမ်နေလဲ။
ဖြေ – သိပ်မစိုးရိမ်ကြဘူးလို့ပဲပြောရမယ်။ မြို့ပေါ်မှာက အရမ်းဆိုးဆိုးရွားရွားကြီးတော့ မဖြစ်လောက်ဘူး။ ခေါ်ရင်လည်း ပျူစောထီးတွေလိုပဲ ရပ်ကွက်ထဲကမီးသတ်တွေ၊ ဆယ်အိမ်ခေါင်းတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေပဲရွာထဲလက်နက်ပေးပြီးထားမှာပေါ့။ အပြင်လူတွေကိုတော့ အဲလိုရမ်းသမ်းပြီး ခေါ်မယ်မထင်ဘူး။ သူတို့လုံကြည်ရတဲ့သူကိုပဲခေါ်ဖို့များပါတယ်။ ကျန်တဲ့သူတွေက ဆန့်ကျင်မှာပဲဆိုတော့။
မေး – အဲဒီလိုလူတွေမရှိတော့လို့ အခုစစ်မှုထမ်းခေါ်သလို နီးရာလူခေါ်တာမျိုးရောမဖြစ်နိုင်ဘူးလား။
ဖြေ – မြို့ပေါ်တွေမှာတော့ အဲလောက်အထိအခြေအနေမဆိုးလောက်ပါဘူး။ နယ်ဘက်တွေမှာ အသက်ကြီးငယ်မခွဲဘဲ ဖမ်းတာမျိုးရှိနိုင်တယ်။ သွားလာနေတဲ့သူတွေကို လမ်းကဖမ်းတာမျိုးတွေပေါ့နော်။ ပြီးတော့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းတာမျိုးပေါ့။
မေး – တကယ်လို့ ကိုယ့်ရွာထဲမှာပါအကောင်အထည်ဖော်လာရင်ရော ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ။
ဖြေ – အခုစစ်မှုထမ်းဥပဒေမှာတောင် မြို့ပေါ်မှာ အရမ်းစိုးရိမ်စရာကောင်းတာမျိုးမဟုတ်ဘူး။ အဆင်ပြေနေသေးတယ်ဆိုတဲ့ အခြေအနေပါ။ မြို့ပေါ်တွေကတော့ အေးမယ်ထင်ပါတယ်။ အကောင်အထည်ဖော်လာရင်တော့ မပြောတတ်ဘူး။ ဒါကြီးပဲတွေးနေလို့လည်း မဖြစ်ဘူးလေ။ လုပ်စရာရှိတာတွေက လုပ်နေရမှာပဲ။
မေး – ဒီထက်ပိုဆိုးလာတဲ့အခြေအနေဆိုရင်ရော။ ဘယ်လိုတွေဖြစ်နိုင်လဲ။ ကြိုပြီး ပြင်ဆင်ထားတာမျိုးရှိလား။
ဖြေ – အဆိုးဆုံးအခြေအနေမှာဆိုရင် မြို့ပေါ်မှာကတော့ ဘယ်လိုလုပ်ရမလဲ။ ဘယ်နားပြေးရမလဲ၊ မရှိဘူးလေ။ ထားဝယ်က လေးဖက်လေးတန်တံခါးပိတ်ထားတာလေ။ ဟိုရပ်ကွက် ဒီရပ်ကွက်ပြောင်းနေတာလောက်ပဲ လုပ်လို့ရမှာပေါ့။ မြို့ပေါ်မှာ လွတ်မြောက်နယ်မြေဆိုတာလည်းမရှိဘူး။ ပိတ်ပစ်ခံရမှာပေါ့။ အကုန်ပိတ်သတ်ပြီးလုပ်ချင်သလို လုပ်ခံရမှာပေါ့။ အဲလို ဘာမှမလုပ်နိုင်တဲ့ အခြေအနေပါ။
မေး – ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ အသက်ကြီးပိုင်းအမျိုးသားတွေရော အဲဒါနဲ့ပတ်သက်ပြီး ဘာတွေပြောဆိုနေကြတာ ကြားရလဲ။
ဖြေ – အဲဒါကတော့ ခုနကပြောသလိုပါပဲ။ ထွေထွေထူးထူးစိုးရိမ်တာမျိုး ဟိုးလေးတကျော်ပြောနေဆိုနေကြတာမျိုးတော့ မရှိပါဘူး။ ပုံမှန်အတိုင်းပဲမြင်ရတယ်။ စကားစပ်မိရင်ပြောကြတယ်၊ ပြီးရင်လည်း ဒီအတိုင်းပါပဲ။
မေး – စစ်မှုထမ်းဥပဒေအတွက်ခေါ်တုန်းက အသက် ၄၅ နှစ်အထိပဲ ဆိုတော့ အဲဒီအချိန်တုန်းက စိတ်ထဲဘယ်လိုနေလဲ။
ဖြေ – အဲဒီတုန်းက ကိုယ့်အတွက်တော့ပူစရာမရှိဘူးပေါ့လေ။ ဒါပေမဲ့ သားသမီးတွေ ကိုယ်နဲ့နီးစပ်တဲ့သူတွေအတွက် အကြီးအကျယ်ပူရတယ်။ ဘယ်လိုလုပ်ရမလဲ ဘယ်နေရာမှာထားရမလဲဆိုတာတွေ။ အပြင်သွားလာတာတွေအစပူနေရတယ်။ သတင်းတွေဖတ်ပြီး ဘယ်နေရာမှာတော့ ဘာဖြစ်နေပြီဆိုပြီး ပူပင်ရတယ်။
မေး – အခုက အသက် ၆၅ အထိ ဆိုတော့ အရင်က စိတ်နဲ့ အခု ဘယ်လိုကွာခြားသွားတာရှိလဲ။ ဘယ်လို စိတ်အခြေအနေရှိလဲ။
ဖြေ – အခုလည်းကျနော်ကတော့ သိပ်မပူပါဘူး။ စားဝတ်နေရေးကိုပဲ အဓိကပူနေရတယ်။ စားဝတ်နေရေးကပထမ ပြည်သူ့လုံခြုံရေးခေါ်တာတွေ စစ်မှုထမ်းခေါ်တာတွေက ဒုတိယဖြစ်နေတယ်။ အရပ်စကားနဲ့ပြောရရင် နောက်ဖြစ်နောက်ရှင်းပဲဗျာ။ ဒါကြီးတွေးပူနေရင် ထမင်းငတ်သွားမယ်။ အကုန်လုံးက အဲလိုမျိုးပါပဲ။
မေး – အခုတိုင်းဆိုရင်စစ်မှုထမ်းဥပဒေမှာ အကျုံးမဝင်ခဲ့တဲ့ အသက်ကြီးတဲ့သူတွေပါ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါရမယ့်သဘောရှိတယ်ပေါ့နော်။ တကယ်လို့ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက်အခေါ်ခံရရင် အစ်ကိုတို့မိသားစုအတွက် ဘယ်လို စိုးရိမ်တာမျိုးရှိလဲ။
ဖြေ – အဲလိုဆိုရင်တော့ အားလုံးငတ်ပြီပေါ့။ ဒီအရွယ်တန်းတွေက အလုပ်လုပ်နေသူတွေ ရှာစားနေတဲ့သူတွေချည်းပဲ။ မိသားစုတွေ အကုန်ဒုက္ခရောက်ကုန်မှာပေါ့။ အိမ်တွေမှာပါ အဲလိုခေါ်သွားရင် ရပ်ကွက်တွေထဲမှာလည်း အားလုံး ဓားပြတွေဖြစ်၊ သူခိုးတွေဖြစ် အမျိုးစုံဖြစ်ကုန်မှာပေါ့ဗျာ။ အဲဒီအခြေအနေထိရောက်လာရင်တော့ ရွာတွေမြို့တွေလည်းပျက်ကုန်မှာပေါ့။
ဦးကျော် (အသက် ၅၀ ဝန်းကျင်အရွယ် တနင်္သာရီမြို့နယ်ကအမျိုးသား)
မေး – စစ်ကောင်စီက ရပ်ကျေးအဆင့်အထိ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့မယ်ဆိုပြီး အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို ခေါ်မယ်လို့ သတင်းထွက်နေတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာတွေ သိထားတာရှိလဲ။
ဖြေ – အသက် ၃၅ ကနေ ၆၅ အထိ အမျိုးသားတွေအားလုံး စစ်သင်တန်းတွေတက်ရမယ်လို့တော့ သတင်းတွေကြားနေရတယ်။ ကျန်တာ ရွာထဲ စခေါ်နေတာမျိုးတော့ မကြားရသေးဘူး။
မေး – ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ပတ်သက်ပြီး ဘယ်လိုတွေကြားနေရလဲ။
ဖြေ – စစ်သင်တန်းတက်ပြီးရင်တော့ ကိုယ့်ဒေသ၊ ကိုယ့်ရွာ၊ ကိုယ့်လမ်းတွေမှာ လုံခြုံရေးယူမယ်လို့တော့ ကြားထားရပါတယ်။ သူတို့ကအတင်းအကြပ်လုပ်ခိုင်းမှာပဲလို့တော့ ထင်တယ်။
မေး – အခုဆိုရင် တချို့နေရာတွေမှာ ကျေးရွာတစ်ရွာ၊ ရပ်ကွက်တစ်ခုကို ၁၀ ယောက်စီဆိုတာမျိုးခေါ်နေပြီ။ အဲဒီအပေါ်မှာ အစ်ကို့အနေနဲ့ စိုးရိမ်မှုရှိလား။ ဘယ်လိုတွေစိုးရိမ်နေလဲ။
ဖြေ – စိုးရိမ်တာက ကုန်ဈေးနှုန်းတွေလည်း တက်နေပြီး အလုပ်အကိုင်တွေအဆင်မပြေကြချိန် သူတို့က စစ်သင်တန်းထတက်ခိုင်းရင် မိသားစုအတွက် ဘယ်အချိန်အလုပ်သွားလုပ်ပြီး ဘယ်လိုစားသောက်ကြမလဲ။ တစ်မိသားစုလုံးငတ်ကုန်မှာ စိုးရိမ်တယ်ဗျ။
မေး – တကယ်လို့ ကိုယ့်ရွာမှာအကောင်အထည်ဖော်လာရင် ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ။
ဖြေ – စစ်ကောင်စီက သူတို့ကိုယ်တိုင်စာရင်းလာကောက်မှာတော့မဟုတ်ဘူး။ ရွာလူကြီးတွေကိုပဲ တဆင့်ကောက်ခိုင်းမှာ။ အဲ့မှာသူတို့ကို မကောက်ပေးရဲအောင် လုပ်ထားရမှာပေါ့။ ခြိမ်းခြောက်တာဖြစ်ဖြစ် ညှိနှိုင်းတာဖြစ်ဖြစ်ပေါ့။
မေး – ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ အသက်ကြီးပိုင်းအမျိုးသားတွေရော အဲဒါနဲ့ပတ်သက်ပြီး ဘာတွေပြောဆိုနေကြတာ ကြားရလဲ။
ဖြေ – ရပ်ထဲ ရွာထဲက လူတွေက စစ်ကောင်စီကတော့ သူတို့နဲ့ အတူတူ ပြည်သူတွေကိုပါ သေတွင်းပို့နေပြီလို့ ပြောကြတယ်လေ။ ကျနော်လည်း အဲ့လိုပဲတွေးတယ်။
မေး – စစ်မှုထမ်းဥပဒေအတွက်ခေါ်တုန်းက အသက် ၄၅ နှစ်အထိပဲ ဆိုတော့ အဲဒီအချိန်တုန်းက စိတ်ထဲဘယ်လိုနေလဲ။
ဖြေ – အရင် ၄၅ နှစ်အထိပဲလို့ သိထားတုန်းက လူငယ်ပိုင်းတွေအတွက် ပိုပြီးစိုးရိမ်တာပေါ့ဗျာ။ သက်ကြီးပိုင်းတွေတော့ စိုးရိမ်စရာမလိုဘူးပေါ့။
မေး – အခုက အသက် ၆၅ အထိ ဆိုတော့ အရင်က စိတ်နဲ့ အခု ဘယ်လိုကွာခြားသွားတာရှိလဲ။ ဘယ်လို စိတ်အခြေအနေရှိလဲ။
ဖြေ – အခုက အသက်ကြီးပိုင်းတွေပါပါလာပြီဆိုတော့ တော်တော် ဒုက္ခရောက်ကြဦးမှာ။ စစ်တပ်ကိုတော့ တကယ်ကို အမျိုးဖြုတ်ပစ်မှရတော့မယ်လို့ တွေးမိတယ်။
မေး – အခုတိုင်းဆိုရင်စစ်မှုထမ်းဥပဒေမှာ အကျုံးမဝင်ခဲ့တဲ့ အသက်ကြီးတဲ့သူတွေပါ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါရမယ့်သဘောရှိတယ်ပေါ့နော်။ တကယ်လို့ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက်အခေါ်ခံရရင် အစ်ကိုတို့မိသားစုအတွက် ဘယ်လို စိုးရိမ်တာမျိုးရှိလဲ။
ဖြေ – အဲ့လိုသာ တကယ်ခေါ်လာပြီဆိုရင် မိသားစုလိုက်ကို လွတ်တဲ့နေရာထွက်ပြေးရမယ်လို့တော့ စဥ်းစားထားတယ်ဗျ။ ဒါပေမဲ့ ကိုယ်ပြေးတိုင်းပြီးသွားတာမှမဟုတ်တာ။ ကိုယ်ရှောင်သွားလည်း ကိုယ့်ရပ်ရွာက တခြားသူတွေထိဦးမှာပါပဲ။
မေး -တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။
ဖြေ – ဖြည့်ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီခိုင်းသမျှလုပ်ပေးနေတဲ့သူတွေကို ဒီထက်ပိုပြီး ပညာပေးဖို့တော့ လိုနေပြီလို့ပဲ ပြောချင်တယ်ဗျ။
ဦးစိုး (အသက် ၅၈ နှစ်အရွယ် လောင်းလုံးမြို့နယ်ကအမျိုးသား)
မေး -စစ်ကောင်စီက ရပ်ကျေးအဆင့်အထိ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့မယ်ဆိုပြီး အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို ခေါ်မယ်လို့ သတင်းထွက်နေတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာတွေ သိထားတာရှိလဲ။
ဖြေ – လိုင်းပေါ်မှာတော့တွေ့လိုက်ပါတယ်။ အဲဒီလောက်ပဲသိပါသေးတယ်။
မေး – ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ပတ်သက်ပြီး ဘယ်လိုတွေကြားနေရလဲ။
ဖြေ – ရပ်ကွက်ထဲ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးဘက်ကတော့ ဘာအသံမှမကြားရသေးပါဘူး။ နားတော့စွင့်နေပါတယ်။ အကိုတို့ ရပ်ကွက်ထဲတော့ ငြီးနေကြတာပေါ့။ လာပြန်ပြီတစ်မျိုး ကုန်ဈေးနှုန်းတက်ပြီး ရငွေထွက်ငွေမမျှလို့ပူနေတာတစ်မျိုး တစ်ပူထပ်တိုးလာပြန်ပြီဆိုတာမျိုးပေါ့။ မီးစင်ကြည့်ကမယ်လို့တော့ ပြောနေကြတာပဲ။
မေး -အခုဆိုရင် တချို့နေရာတွေမှာ ကျေးရွာတစ်ရွာ၊ ရပ်ကွက်တစ်ခုကို ၁၀ ယောက်စီဆိုတာမျိုးခေါ်နေပြီ။ အဲဒီအပေါ်မှာ အစ်ကို့အနေနဲ့ စိုးရိမ်မှုရှိလား။ ဘယ်လိုတွေစိုးရိမ်နေလဲ။
ဖြေ – ခေါ်နေတာအသံကြားတဲ့အချိန်တော့ စိုးရိမ်တာပေါ့။ အိမ်မှာဆို အကို့လုပ်စာနဲ့ပဲ မိသားစုက မှီခိုနေရတာလေ။ မိန်းမကလည်း ကလေးတွေတစ်ဖက်နဲ့ဆိုတော့ အလုပ်လည်းမလုပ်နိုင်ဘူး။ တကယ်လို့ အကိုသာခေါ်ရာပါရင်တော့ မိသားစုကတော့သွားပြီပေါ့။ ခိုကိုးရာမဲ့ပြီလေ။ စိတ်တွေလည်းတကယ်အဆင်မပြေဘူး။ ဒုက္ခကမျိုးကိုစုံနေတာပဲ။
မေး – တကယ်လို့ ကိုယ့်ရွာမှာအကောင်အထည်ဖော်လာရင် ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ။
ဖြေ – တကယ်လို့သာကိုယ့်ရွာမှာဖြစ်လာရင်တော့ ကြည့်ရှောင်ပြီး ပြေးရမှာပဲဗျာ။ အခုလည်းတစ်ယောက်တစ်မျိုး အမျိုးမျိုးတော့ပြောနေကြတာပါပဲ။ ကျနော်တို့ကတော့ အပါမခံနိုင်ဘူးပေါ့။ သူတို့စီမံတဲ့အတိုင်း သူတို့်အသုံးချတဲ့အတိုင်း မလုပ်နိုင်ဘူးပေါ့။
မေး – ဘာကြောင့် မလုပ်နိုင်တာလဲ။ ဘာကြောင့် အပါမခံနိုင်တာလဲဗျ။
ဖြေ – သူများနိုင်ငံနဲ့ စစ်ဖြစ်နေရင်တော့တစ်မျိုးပေါ့။ အခုဟာက ကိုယ့်အချင်းချင်းကြီး မတရားလုပ်နေတာလေ။ ပြည်သူတွေအပေါ်မှာ တကယ်လက်တွေ့ ခေါ်ရင်တော့ အတော်ခြေနေဆိုးသွားမယ်ထင်တယ်။ ပိုက်ဆံရှိသူတွေကတော့ ငွေးပေးရှင်းကြမှာပေါ့။ မရှိတဲ့ဆင်းရဲသားတွေကတော့အပူအိုးကြီးပဲ။
မေး – စစ်မှုထမ်းဥပဒေအတွက်ခေါ်တုန်းက အသက် ၄၅ နှစ်အထိပဲ ဆိုတော့ အဲဒီအချိန်တုန်းက စိတ်ထဲဘယ်လိုနေလဲ။
ဖြေ – စစ်မှုထမ်း ၁၈ ကနေ၄၅ ခေါ်တုန်းကလည်းစိတ်သောကတစ်မျိုးပါ။ ရပ်ကွက်တွေထဲ ၁၈ ပြည့်ပြီးလူငယ်တွေအကုန်ထိုင်း၊ မလေးထွက်ကုန်ကြတယ်။ မိသားစုဆွေမျိုးအပူပေါ့။ အခုကလည်းတခါ ရင်ပူရပြန်ပါပြီ။ တစ်နေ့တစ်နေ့ငါများပါလေမလားလို့ ရင်တမမနဲ့နေနေရတယ်။ အပူတိုးတာပေါ့။
မေး – အခုတိုင်းဆိုရင်စစ်မှုထမ်းဥပဒေမှာ အကျုံးမဝင်ခဲ့တဲ့ အသက်ကြီးတဲ့သူတွေပါ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါရမယ့်သဘောရှိတယ်ပေါ့နော်။ တကယ်လို့ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက်အခေါ်ခံရရင် အစ်ကိုတို့မိသားစုအတွက် ဘယ်လို စိုးရိမ်တာမျိုးရှိလဲ။
ဖြေ – တကယ်လို့သာ ခေါ်ခံရရင်လည်းအကိုတို့ကမလုပ်နိုင်ဘူး။ အခုက မိသားစုစားဝတ်နေရေးတောင်မနည်းရုန်းကန်နေရတာ။ သူတို့ကျွေးထားမှာလား မိသားစုကို၊ သူတို့ကျွေးဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ လက်ရှိမှုထမ်းနေတဲ့သူတောင် သူတို့မကျွေးနိုင်တာ။ အခုဟာပြည်သူတွေက သူတို့ကိုပြန်ကာကွယ်ရမလိုကြီးဖြစ်နေတာ။ လက်ရှိမှာက အကိုတို့မှာကြောက်စရာက စစ်သားနဲ့ ပြည်သူ့စစ်ပဲ။ အဲဒါပဲ့ကြောက်နေရတာ။
မေး – တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။
ဖြေ – ကိုယ့်အိမ်မှာကိုယ်နေတာတောင်အေးအေးဆေးဆေးမနေရတဲ့ဘဝတွေပါ။ ပြည်သူတွေမှာတော့ အပူပေါ်အပူဆင့်ပဲ့ ရပ်ကွက်တွေထဲလည်းလူငယ်လူလတ်မကျန်တော့ဘူး။ အခုဆို ၆၅နှစ်အထိဆိုတော့ လူအိုပါပြေးရမဲ့ကိန်းဆိုက်နေပြီ။ ဘာတွေလုပ်နေလည်းမသိတော့ပါဘူး။
The Tanintharyi Times
