စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအစီအစဉ်မှာ ပူးပေါင်းရင် အရေးယူသွားဖို့ NMSP-AD ထုတ်ပြန်
စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအစီအစဉ်မှာ ပူးပေါင်းရင် အရေးယူသွားဖို့ NMSP-AD ထုတ်ပြန်

စစ်ကောင်စီက အကောင်အထည်ဖော်နေတဲ့ ပြည်သူတွေကို ပြည်သူ့စစ်ဖွဲ့ဖို့ အစီအစဉ်ကို ဆန့်ကျင်ကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့်သူတွေကိုလည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားဖို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD က ဒီကနေ့ ထုတ်ပြန်ပါတယ်။
NMSP-AD စစ်ရေးလှုပ်ရှားရာ ဒေသတွေ ဖြစ်တဲ့ ကျိုက်မရောမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ် (မြောက်ပိုင်း)၊ ရေဖြူမြို့နယ်ရှိ အုပ်ချုပ်ရေးအဖွဲ့တွေဆီကို အသိပေးထားတဲ့ အဲဒီ ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖမ်နှိမ်နင်းရေးအဖွဲ့အတွက် ပူးပေါင်း မလုပ်ဆောင်ကြဖို့ သတိပေးထားတာပါ။
“စကစ (စစ်ကောင်စီ) က ထုတ်ပြန်တဲ့ ဒီပြည်သူ့လုံခြုံရေး အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့တဲ့ ကိစ္စမှာ ဒါက ဒီစစ်ကောင်စီရဲ့ လိုအပ်နေတဲ့အားကို ဖြည့်ဖို့ အဲလိုပဲ ကျနော်တို့ မြင်တာပေါ့နော် ဒီအပေါ်မှာကျတော့ ကျနော်တို့ လှုပ်ရှားရာ ဒေသမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အားလုံးပေါ့နော် ဒီအပေါ်မှာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့ ကျနော်တို့ အသိပေးခြင်း ဖြစ်ပါတယ်” လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ စစ်ကောင်စီရဲ့ အခြေအနေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ထွက်ပြေးရတာ၊ လက်နက်ချရတာ၊ တပ်စခန်းသိမ်းခံနေရတာကြောင့် စစ်ကောင်စီအသက်ဆက်ရေး စစ်အင်အားပြန်လည်ဖြည့်တင်းတာသာ ဖြစ်ပြီး စစ်ကောင်စီကို အင်အားပြည့်စေတဲ့ ဘယ်လိုအလုပ်မျိုးမဆို ပြတ်ပြတ်သားသား ဆန့်ကျင်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ် ဖွဲ့မယ့် လုပ်ငန်းဆောင်တာကို မဆောင်ရွက်နိုင်ဖို့ရန် သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်အလိုက် အမိန့်ထုတ်ထားဖို့နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေက အမိန့်ညွှန်ကြားချက်ကို မလိုက်နာရင် အရေးယူသွားဖို့ ပြောဆိုထားပါတယ်။
“ပြည်သူလူထုအနေနဲ့ အခု စကစ (စစ်ကောင်စီ) ရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့တဲ့အပေါ်မှာကျတော့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဖို့ တိုက်တွန်းချင်ပါတယ် ။အဓိကက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်” လို့ နိုင်ဗညားမွန်က ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက် မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာတွေအတွင်း ပြည်သူ့စစ်ဖွဲ့ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် ခေါ်ယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ သတင်းတွေ ထက်ပေါ်လာအပြီးမှာ NMSP-AD က အခုလို အုပ်ချုပ်ရေးအဖွဲ့တွေကို သတိပေးစာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
The Tanintharyi Times