ထားဝယ်ထောင်က တရားရုံးချိန်းထွက်လာတဲ့ အချုပ်သားတစ်ဦးကို ရဲကဝါးလုံးနဲ့ အပြင်းအထန် ရိုက်နှက်

ထားဝယ်ထောင်က တရားရုံးချိန်းထွက်လာတဲ့ အချုပ်သားတစ်ဦးကို ရဲကဝါးလုံးနဲ့ အပြင်းအထန် ရိုက်နှက်

ဓာတ်ပုံ - Eleven media

ထားဝယ်အကျဥ်းထောင်က အချုပ်သားတစ်ဦး ထားဝယ်မြို့နယ်တရားရုံးကို မနေ့က ညနေပိုင်း ရုံးချိန်းထွက်ချိန်မှာ ရဲတစ်ဦးကဝါးလုံးနဲ့အပြင်းအထန်ရိုက်နှက်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ရိုက်နှက်ခံရသူဟာ ရာဇဝတ်မှုတစ်ခုနဲ့စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ အချုပ်သားတစ်ဦးဖြစ်ပြီး ရိုက်နှက်ခံရတာကြောင့် ဦးခေါင်း၊ လည်ပင်း၊ လက်နဲ့​ နောက်ကျောတွေမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ရိုက်နှက်ခဲ့တဲ့ရဲဟာ ထားဝယ်မြို့မရဲစခန်းက တပ်ကြပ် ကျော်စိုးမိုး (ခ) ကိုရခိုင်ဆိုသူဖြစ်ပြီး သူဟာ ထားဝယ်မြို့နယ်တရားရုံးရဲ့ ရုံးဝင်းထဲမှာပဲ အခုလိုအကြမ်းဖက်ရိုက်နှက်ခဲ့တာပါ။

“အဲဒီရဲကအချုပ်သားကိုမခံချင်အောင် အမျိုးမျိုးပြောနေတာ။ ရိုင်းရိုင်းစိုင်းစိုင်းတွေပါပြောလာတော့ အချုပ်သားကမခံနိုင်ပဲ တခွန်းစနှစ်ခွန်းစ ပြန်ပြောလိုက်တယ်ထင်တယ်။ အဲဒါနဲ့ ငါ့ကိုပြန်ပြောရကောင်းလားဆိုပြီး ရိုက်တာ” လို့ တရားရုံးနဲ့ နီးစပ်တဲ့ သူတစ်ဦးက ပြောပါတယ်။

အချုပ်သားကိုလက်ထိပ်ခတ်ပြီးတခြားသူတွေနဲ့သံကြိုးတွဲထားချိန်မှာမှ အုန်းကြောတံမျက်စည်းမှာပါတဲ့ ဝါးလုံးနဲ့အပြင်းအထန်ရိုက်နှက်ခဲ့တာပါ။

အရိုက်ခံရတဲ့သူကိုတော့ ခဏအကြာမှာပဲထောင်ကားနဲ့ ထားဝယ်အကျဥ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ရဲတပ်ကြပ် ကိုရခိုင်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဆဲဆိုတာ၊ အမျိုးမျိုးပုတ်ခတ် ပြောဆိုတာတွေ ပြုလုပ်လေ့ရှိသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

The Tanintharyi Times