တနင်္သာရီတိုင်းမှာ တစ်လအတွင်း နေအိမ် ဆယ်ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
တနင်္သာရီတိုင်းမှာ တစ်လအတွင်း နေအိမ် ဆယ်ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
ပြီးခဲ့တဲ့လအတွင်း တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ဒေသခံတွေရဲ့ နေအိမ်စုစုပေါင်း တစ်ဆယ်ကျော် ရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့အချက်အလက်တွေအရ ထားဝယ်မြို့နယ်ထဲက နေအိမ် ၅ ဆောင်၊ လောင်းလုံးမြို့နယ်က နေအိမ် ၇ ဆောင်၊ တနင်္သာရီမြို့နယ်ထဲက နေအိမ် ၂ ဆောင်တို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
မီးရှို့ခံရတဲ့နေအိမ်အများစုဟာ ထားဝယ်မြို့နယ်ထဲမှာဆို သင်္ကန်းတုန်းရွာ၊ လောင်းလုံးမြို့နယ်ထဲက ဖွားဘုတ်ပြင်ရွာ၊ တောင်မင်းပြောင်ရွာ၊ မူးဒူးရွာ၊ ခမောင်းတောရွာ၊ တနင်္သာရီမြို့နယ်ထဲက ချောင်းကဖက်ရွာနဲ့ သိန်ခွန်းရွာက နေအိမ်တွေဖြစ်ပါတယ်။
အိမ်တွေကို မီးရှို့တာအပြင် ဓာတ်ဆီဆိုင်၊ သုံးဘီးဆိုင်ကယ်နဲ့ ပြည်သူပိုင်ယာဥ်တွေ၊ ခြံတွေ၊ ဥယျာဥ်ခြံသုံးပစ္စည်းတွေ၊ ခြံသုံးဖို့သိုလှောင်ထားတဲ့ ဓာတ်ဆီလီတာ ရာနဲ့ချီပြီလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဖြစ်စဥ်အများစုဟာ ရွာတွေထဲစစ်ကြောင်းထိုးဝင်လာချိန် စစ်ဘေးရှောင်နေလို့ လူမရှိတဲ့ အရပ်သားနေအိမ်တွေကိုမီးရှို့တာ၊ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲဧရိယာအနီးတဝိုက်က နေအိမ်နဲ့ခြံတွေကိုမီးရှို့တာ၊ အိမ်ပေါ်မှာ မသင်္ကာစရာတွေ့လို့ မီးရှို့ခဲ့တာတွေ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က မီးရှို့ခဲ့တဲ့ ဖြစ်စဉ်ကတော့ ပုလောမြို့အမှတ်(၂)ရပ်ကွက်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်တစ်ဆောင်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လမှာလည်း တနင်္သာရီတိုင်းထဲကနေအိမ် ၁၈ ဆောင်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရှို့မီးကြောင့် မဟုတ်ဘဲ ဝါယာကြိုးရှော့ဖြစ်ရာကနေ နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့တာလည်း ရှိခဲ့ပါတယ်။
The Tanintharyi Times
