ဆိုင်ကယ်စီးလာသူတစ်ဦးကို ကလိန်အောင်တံတားရှိ စစ်တပ်စစ်ဆေးရေးဂိတ်က သေနတ်နဲ့ပစ်
ဆိုင်ကယ်စီးလာသူတစ်ဦးကို ကလိန်အောင်တံတားရှိ စစ်တပ်စစ်ဆေးရေးဂိတ်က သေနတ်နဲ့ပစ်

ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မွန်းလွဲ ၁၁ နာရီလောက်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာရသွားတဲ့ အမျိုးသားကို အရေးပေါ်ကားနဲ့ ကလိန်အောင်မြို့ဆေးရုံကို တင်ခေါ်သွားတယ်လို့ သိရပါတယ်။
“ဆိုင်ကယ်တွန်းပြီး သွားခိုင်းတာ မတွန်းဘဲ မောင်းပြေးလို့လို့ ကြားတယ်။ သေချာတော့ မသိရသေးဘူး။ လူကတော့ လူငယ်ပဲ။ မွန်ဘက်ကလိုလိုလည်း ပြောနေကြတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေ ပြောပြချက်အရ ပစ်ခတ်ခံရသူဟာ ကလိန်အောင်ဘက်ကနေ ရေးမြို့ဘက်ကို ဆိုင်ကယ်ဦးတည်မောင်းနှင်လာတာလို့ သိရပါတယ်။
ပစ်ခတ်ခံရတဲ့အမျိုးသား သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဆိုင်ကယ်ကိုတော့ စစ်ကောင်စီတပ်က သိမ်းယူထားတယ်လို့ သိရပါတယ်။
ကလိန်အောင်တံတားမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိပြီး အဲဒီဂိတ်က တပ်သားတွေဟာ မသင်္ကာတဲ့ဒေသခံတွေကို ဖမ်းဆီးတာ၊ ဖြတ်သန်းသွားလာနေတဲ့ မြေတင်ကားတွေဆီကနေ ဖုန်းနံပါတ်တောင်းယူတာ၊ လမ်းသွားလမ်းလာတွေဆီကနေ ဆက်ကြေးကောက်တာ စတာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။
ကလိန်အောင်မြို့အခြေစိုက် တပ်ရင်းတွေတိုက်ခိုက်ခံခဲ့ရတဲ့ အခုလ ၂၉ ရက်နေ့က စပြီး ကလိန်အောင်မြို့နဲ့ ကံပေါက်ဒေသကြား ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ကောင်စီတပ်ကားတွေ မကြာခဏ ကင်းလှည့်တာတွေလုပ်ဆောင်နေပြီး လုံခြုံရေးတင်းကြပ်တာတွေ ရှိနေပါတယ်။
The Tanintharyi Times