ဧပြီလအတွင်း တနင်္သာရီတိုင်းထဲက နေအိမ် ၁၀ ဆောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရ
ဧပြီလအတွင်း တနင်္သာရီတိုင်းထဲက နေအိမ် ၁၀ ဆောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရ
ပြီးခဲ့တဲ့ဧပြီလအတွင်းမှာ တနင်္သာရီတိုင်းထဲက နေအိမ် ၁၀ ဆောင်နီးပါးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ တနင်္သာရီမြို့နယ်ထဲက နေအိမ် ၈ ဆောင်ထက်မနည်းနဲ့ သရက်ချောင်းမြို့နယ်က နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်တွေက ကမ်းတိုရွာနဲ့ ထုံမခါကျေးရွာက နေအိမ်တွေ အများစုဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာက နေအိမ်အရေအတွက်ကိုတော့ အတိအကျ အတည်မပြုနိုင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ မတ်လကတော့ တနင်္သာရီတိုင်းထဲက နေအိမ် ၂၀၀ နီးပါးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အိမ်ခြေအများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပုလောမြို့နယ်မှာ အခုလအတွင်း မီးရှို့ဖျက်ဆီးခံရတာ မရှိခဲ့ပါဘူး။
ဒီလို ဖြစ်စဉ်မရှိခဲ့တဲ့အပေါ် ပုလောမြို့နယ်(ပကဖ)တာဝန်ခံကတော့ “ အိမ်မီးရှို့တယ်၊ မီးမရှို့ဘူးဆိုတာက Mission အမျိုးအစားနဲ့ဆိုင်တယ်ဗျ။ ရွာတွေနဲ့နီးတဲ့ ထိတွေ့မှု၊ မိုင်းဆွဲတိုက်ခိုက်မှုဆိုရင် သေချာပါတယ်။ အိမ်တွေကိုမီးရှို့တာများပါတယ် ” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
မီးရှို့ဖျက်ဆီးတာ မဟုတ်ဘဲ သာမန်မီးလောင်မှုကတော့ ပုလောမြို့နယ် မြို့ပေါ်ရပ်ကွက်မှာဖြစ်ခဲ့ပြီး နေအိမ် ၁၈ ဆောင်မီးလောင်ပျက်စီးခဲ့ကာ မီးထပ်မကူးအောင် ဖျက်ဆီးလိုက်ရတဲ့ အိမ်က ၁၅ ဆောင် ရှိခဲ့ပါတယ်။ ပုလောအပြင် မြိတ်မြို့၊ ချမ်းမြေ့သာယာရပ်ကွက်က နေအိမ် ၃ ဆောင်၊ ထားဝယ်၊ ဆင်ဆိပ်ရပ်ကွက်က နေအိမ် ၁ ဆောင် မီးလောင်ပျက်စီးတာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ လမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပုလောမြို့နယ်၊ ဂျင့်ဂါရွာက နေအိမ် ၁ ဆောင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာက နေအိမ် ၆ ဆောင်၊ သဲဖြူရွာက ခရစ်ယာန်ဘုရားကျောင်းတစ်ဆောင်တို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် သဲဖြူရွာက ကုန်ခြောက်ဆိုင် ၂ ဆိုင်ကိုလည်း စစ်ကောင်စီတပ်က ရိုက်ဖြိုဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဧပြီလအတွင်း ဖြစ်ခဲ့တဲ့ ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေက တိုက်ပွဲဖြစ်ပြီးနောက်လုပ်ဆောင်ခဲ့တာတွေ ဖြစ်ပြီး နေအိမ်တွေကို မီးရှို့တာကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဖော်ပြထားတဲ့အချက်အလက်တွေဟာ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြောပြချက်တွေအပြင် တနင်္သာရီတိုင်းမ်က လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့အချက်အလက်တွေကို စုစည်းထားတာဖြစ်ပါတယ်။ မြေပြင်မှာ ဒီထက်ပိုနိုင်ပါတယ်။
The Tanintharyi Times
