မြန်မာလူငယ် ၁၀၀၀ ကျော်ကို ပညာသင်ဆုပေးမယ့် အစီအစဉ် အမေရိကန် မိတ်ဆက်

မြန်မာလူငယ် ၁၀၀၀ ကျော်ကို ပညာသင်ဆုပေးမယ့် အစီအစဉ် အမေရိကန် မိတ်ဆက်

မြန်မာနိုင်ငံအတွင်း အခွင့်အရေးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်နေရတဲ့ လူငယ်တွေအတွက် တက္ကသိုလ် ပညာသင်ဆု ပေးမဲ့ အစီအစဉ်တစ်ခုကို မထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မနေ့က မိတ်ဆက်ခဲ့ပါတယ်။

ထိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေက အဆင်မြင့် ပညာရေးတက္ကသိုလ်တွေ (ပညာရေးအဖွဲ့အစည်းများ) နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းကာ အမေရိကန်ပြည်ထောင်စုနိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ “မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိသော ပညာသင်ဆု” အစီအစဉ်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒီ ငါးနှစ်စီမံကိန်း ပညာသင်ဆု အစီအစဉ်မှာ ထိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အဆင့်မြင့်တက္ကသိုလ်တွေက ပေးအပ်မယ့် ပညာရေးဘွဲ့တွေအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က သင်ကြားပို့ချသော အွန်လိုင်းဘာသာရပ်တွေကိုလည်း မြန်မာကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော် ပညာသင်ကြားခွင့် ရရှိပါမယ်လို့ USAID က ထုတ်ပြန်ထားပါတယ်။

“နိုင်ငံလူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပြီး မြန်မာနိုင်ငံဟာ လူငယ်တွေ အနာဂတ်မဲ့နေတဲ့ အခြေအနေကို ရင်ဆိုင်နေရတာကြောင့် အခု ပညာသင်ဆု အစီအစဉ်ဟာ ယင်းအခြေအနေကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောပါတယ်။

အဆိုပါ ပညာသင်ဆုကို မြန်မာနိုင်ငံအတွင်းရှိ အခွင့်အရေးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်နေရတဲ့ လူငယ်တွေကို ဦးစားပေးကူညီထောက်ပံ့ပေးသွားပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုမယ့် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေကို အဆင့်မြင့်ပညာရေးနဲ့ စွမ်းအားမြှင့်တင်သွားဖို့ ရည်ရွယ်တဲ့ ပညာရေး အစီအစဉ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုပညာသင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို www.usaiddip.com အင်တာနက် စာမျက်နှာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုနိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ဟာ ပညာသင်ဆု အခွင့်အရေးတွေအပြင် မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အဆင့်မြင့်ပညာရေးအခန်းကဏ္ဍတွေ ပိုမိုအားကောင်းလာစေဖို့အတွက် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အခြား အဆင့်မြင့်ပညာရေးဆိုင်ရာ အခွင့်အလမ်း အစီအစဉ်တွေကို ပံ့ပိုးလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

The Tanintharyi Times

ဓာတ်ပုံ – mizzima

The Tanintharyi Times