လောင်းလုံးမြို့နယ်မှာ နှစ်ရက်အတွင်း ဖမ်းဆီးခံထားရသူ ၁၅ ဦးအထိရှိပြီး မိသားစုနဲ့တွေ့ခွင့် မပေး
လောင်းလုံးမြို့နယ်မှာ နှစ်ရက်အတွင်း ဖမ်းဆီးခံထားရသူ ၁၅ ဦးအထိရှိပြီး မိသားစုနဲ့တွေ့ခွင့် မပေး
လောင်းလုံးမြို့နယ်မှာ အခုလ ၂၁ရက်နဲ့ ၂၂ ရက် နှစ်ရက်အတွင်း ပြည်သူ ၁၅ ဦးကို သူတို့ရဲ့နေအိမ်တွေထဲအထိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေဟာ လောင်းလုံးမြို့ပေါ်က ၁၁ ဦး၊ အောက်ရေဖြူကျေးရွာက နှစ်ဦး၊ ဂေါ့အင်းကျေးရွာက တစ်ဦးနဲ့ ညင်းမော်ကျေးရွာက တစ်ဦးတို့ဖြစ်ကြပါတယ်။
၎င်း အဖမ်းခံရသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၇ ဦး ပါဝင်ပြီး အများစုမှာ အသက် ၅၀ ဝန်းကျင်အရွယ်တွေဖြစ်ကာ လူငယ်အရွယ် နှစ်ဦးသာ ပါဝင်တယ်လို့ သိရပါတယ်။
အင်အား ၆၀ ဝန်းကျင်လောက်ရှိိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နှစ်ရက်အတွင်း နေ့ရော၊ ညပါ အခုလို လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ် ဆိုတာကို မသိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
” အဖမ်းခံရတာက အစုံပါပဲ။ ဘာမှမဟုတ်တဲ့သက်ကြီး ရွယ်အိုတွေလည်း ပါတယ်။ နာမည်မှားပြီး ဖမ်းတာတွေလည်း ပါတယ်။ အရင်က NLDပါတီဝင်တချို့လည်း ပါပါတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် လောင်းလုံးမြို့ပေါ်က နေအိမ်အများအပြားကိုလည်း ၎င်းရက်အတွင်းမှာ ဧည့်စာရင်းအကြောင်းပြပြီး ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ အဖမ်းခံရသူတွေကို လောင်းလုံးရဲစခန်းမှာ ထားထားတယ်လို့သိရပြီး မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။
မနေ့ကမနက် စောစောပိုင်းမှာတော့ စစ်ကောင်စီတပ်သားအချို့ ပြန်လည်ထွက်ခွါ သွားပေမယ့် လောင်းလုံးရဲစခန်းက ကားလေးစီးနဲ့ အင်အား ၃၀ ဝန်းကျင် ညကင်းလှည့်တာတွေ ပြုလုပ်နေသလို သေနတ်ပစ်ခတ်တာနဲ့ ဒရုန်းပျံသန်းပြီး စောင့်ကြည့်နေတာမျိုးတွေလည်း ရှိတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်အတွင်းကို မကြာခဏဆိုသလိုအင်အားအလုံးအရင်းနဲ့ဝင်ရောက်ပြီး ဒေသခံတွေကိုအကြမ်းဖက် သတ်ဖြတ်တာနဲ့ ဖမ်းဆီးတာတွေကို အခုနှစ်ဇွန်လလောက်ကစပြီး ပိုမိုပြုလုပ်လာတာ တွေ့မြင်ရနေရပါတယ်။
The Tanintharyi Times
