ပုလောမြို့နယ်က စိတ်မကျန်းမာသူအပါအဝင် အပြစ်မဲ့ပြည်သူငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့

ပုလောမြို့နယ်က စိတ်မကျန်းမာသူအပါအဝင် အပြစ်မဲ့ပြည်သူငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့

မြိတ်ဘက်ကနေ ထားဝယ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ကား ၈ စီးပါ စစ်ကောင်စီယာဥ်တန်းဟာ ပုလောမြို့နယ်၊ တပိုကျေးရွာက အပြစ်မဲ့ပြည်သူ ၅ ဦးကို နေအိမ်အသီးသီးမှာ ဝင်ရောက်ဖမ်းခေါ်သွားတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာ အဖမ်းခံရတဲ့ ပြည်သူ ၅ ဦးမှာ ကိုဝဏ္ဏ၊ ကိုဖတုတ်၊ ဦးဘမဲ၊ ကိုကျော်ဝင်းအောင်နဲ့ စိတ်မကျန်းမာတဲ့ အမျိုးသားတစ်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၅ ယောက်ဟာ တစ်အိမ်စီကဖြစ်ပြီး ရပ်ရွာထဲမှာ အေးဆေးစွာနေတဲ့ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပြည်သူ ၅ ဦးကို ပုလောမြို့အထိ ဖမ်းခေါ်သွားပြီး ၃ ဦး ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကိုဝဏ္ဏနဲ့ ကိုဖတုတ်ကိုတော့ ဖမ်းထားဆဲဖြစ်ပြီး ဘယ်မှာ ဖမ်းထားလဲဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီယာဥ်တန်းတွေဟာ အခုရက်ပိုင်းအတွင်း ပုလောမြို့နယ်မှာ မကြာခဏဆိုသလိုမိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှု ရှိခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့ယာဉ်တွေနဲ့ကပ်လိုက်တာ၊ ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချတာတွေ ရှိနေပါတယ်။

အဆိုပါနေ့ တစ်နေ့တည်းမှာပဲ ပုလောမြို့နယ်မှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့ပါတယ်။

The Tanintharyi Times