သားအတွက် တိုက်ပွဲဝင်သူ
သားအတွက် တိုက်ပွဲဝင်သူ
(အက်ဆေး၊ ခေတ်ပြိုင်ဘဝများ)
ကိုယ်မွေးထားတဲ့သားတစ်ယောက်ကိုဆုံရှုံးရလို့နာကျည်းမှုနဲ့ရှင်သန်နေရတဲ့မိခင်ပေါင်းများစွာကမ္ဘာပေါ်မှာရှိပါတယ်။
သူတို့ထဲကတစ်ယောက်ကတော့ ဆားဘီးယားနိုင်ငံက ဒီဂျာနာဟာကာပဲဖြစ်ပါတယ်။ သူမသားစတီဖန်အသက်မဆုံးရှုံးခင်အထိ နိုင်ငံရေးဆိုတာကိုဟာကာလုံးဝစိတ်မဝင်စားခဲ့ပါဘူး။ နိုင်ငံရေး ဆိုတာကိုယ်နဲ့ဆိုင်တဲ့အရာလို့လည်းမတွေးခဲ့ပါဘူး။
အခုတော့ ဟာကာဟာ ဆားဘီးယားနိုင်ငံရဲ့အတိုက်အခံလှုပ်ရှားမှုမှာခေါင်းဆောင်တစ်ဦးဖြစ်သွားခဲ့ပါပြီ။ ခြစားပြီးတာဝန်ယူမှုခေါင်းပါးတဲ့အစိုးရကိုဖြုတ်ချဖို့ကြိုးစားနေတဲ့အတိုက်အခံလှုပ်ရှားမှုကြီးရဲ့တပ်ဦးကိုသူမရောက်သွားခဲ့ပါပြီ။
ဒီဂျာနာဟာကာရဲ့သားစတီဖန် (၂၇နှစ်)ဟာ အရင်နှစ် နိုဝင်ဘာက နိုဗီဆဒ်မြို့မှာပြန်လည်ဆောက်လုပ် နေတဲ့ရထားဘူတာရုံပြိုကျပြီးအခြားသူ ၁၅ ဦးနဲ့အတူအသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာတစ်နိုင်ငံလုံးကိုဒေါသူပုန်ထစေပြီး၊တာဝန်ရှိတဲ့သူတွေကိုပြင်းပြင်းထန်ထန်အရေးယူဖို့အတွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲကိုစတင်ခဲ့သူတွေကတော့ထုံးစံအတိုင်းကျောင်းသားတွေပါပဲ။
အစိုးရရဲ့ပေါ့ဆမှုနဲ့ခြစားမှုကိုသူတို့တိုက်ပွဲဝင်ရင်းနဲ့တဖြည်းဖြည်းအာဏာရှင်ဆန်လာတဲ့သမ္မတ အလက်ဇန်းဒါးဗူချစ်ကိုပါ ရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆိုလာကြပါတယ်။ နိုဗီဆဒ်ရထားဘူတာရုံကိုပြင်ဆောက်ဖို့ကန်ထရိုက်ရပြီးဆောက်လုပ်ခဲ့ကြသူကတော့ (ထုံးစံအတိုင်းပဲ)တရုတ်ကုမ္ပဏီဖြစ်ပါ တယ်။
နိုဝင်ဘာတစ်ရက်နေ့ဟာသူ့သားအသက်ဆုံးရှုုံးရတဲ့နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက အိမ်ထောင်ကွဲထားတဲ့ သားနှစ်ယောက်မိခင်ဟာကာကို ဆားဘီးယားပါလီမန်အဆောက်အဦရှေ့ကိုဆွဲခေါ်လာခဲ့ပါတယ်။ မြို့တော်ဘဲလ်ဂရိတ်မှာပါ။ တိုက်ပွဲကစတင်ပါပြီ။ ပါလီမန်အဆောက်အဦရှေ့မှာဟာကာကတဲတစ်လုံးထိုးလိုက်ပါတယ်။ အသက်ပေးခဲ့ရတဲ့ လူ ၁၅ ဦးအတွက်အစိုးရက တာဝန်မယူမချင်းအစာငတ်ခံဆန္ဒပြမယ်လို့ကြေညာတောင်းဆိုလိုက်ပါတယ်။ ဒီလိုနဲ့ အမြန်စားအစားအစာချက်ပြုတ်တဲ့အလုပ်ကိုလုပ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ဆားဘီးယားအစိုးရတို့ရဲ့တိုက်ပွဲကစတင်ခဲ့ပါတယ်။
ပထမတော့ သူမဘယ်သူလဲလို့ဆားဘီးယားပြည်သူတွေအံ့ဩကြပါတယ်။ တဖြည်းဖြည်းနဲ့သူတို့ မကြေနပ်တဲ့အစိုးရကိုပြတ်ပြတ်သားသားရဲရဲဝံ့ဝံ့တိုက်ပွဲဝင်တဲ့ဟာကာကိုလေးစားလာကြပုံရပါတယ်။ ဝန်ထမ်းတွေ၊ ကုမ္ပဏီအမှုထမ်းတွေဟာ ရုံးမတက်ခင်နဲ့ရုံးဆင်းအပြီးမှာဟာကာရဲ့တဲနားကိုလာပြီး အားပေးကြတယ်၊ ဝန်းရံကြပါတယ်။ နောက်တော့သူမတဲနားမှာအချိန်ပြည့်နီးပါးစုဝေးကြပြီးကြွေးကြော်သံတွေအော်ကြ၊ကွယ်လွန်သွားသူတွေအတွက်ဆုတောင်းကြတာတွေပြုလုပ်ကြပါတယ်။
ဘူတာရုံပြိုကျမှုဖြစ်အပြီးမှာ ဟာကာကဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်လို့သူမပြန်ပြောပါတယ်။
တီဗီကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အပြင်မှာကျောင်းသားတွေကဆန္ဒပြနေကြပါပြီ။
“ရုတ်တရက်ပဲလမ်းပေါ်မှာသူတို့နောက်ကိုကျွန်မလိုက်သွားမိခဲ့တယ်”လို့နိုင်ငံရေးလှုပ်ရှားမှုကြီးထဲကိုရောက်လာတဲ့အကြောင်းနဲ့ပက်သက်ပြီးဟာကာကပြန်ပြောပြပါတယ်။
“ဒီအတွက်ကျွန်မသေဖို့လည်းအဆင်သင့်ပဲ၊ရှင်ဖို့လည်းအဆင်သင့်ပဲ”လို့သူမထပ်ဆင့်ပြောပါတယ်။
ဘော်လ်ကန်ဒေသမှာဖြစ်ပွါးခဲ့တဲ့စစ်ပွဲတွေကိုဆယ်ကျော်သက်ဘဝနဲ့ဖြတ်သန်းခဲ့တဲ့ဟာကာကအငတ်ဘေးဆိုတာကိုရင်ဆိုင်ခဲ့ဖူးပါတယ်။ အခုရင်ဆိုင်နေတဲ့ဆာလောင်မွတ်သိပ်မှုကတော့ကိုယ်ပိုင်ဆုံးဖြတ် ချက်နဲ့ပါ။
“ကျွန်မအရင်ကလည်းငတ်ခဲ့ဖူးပြီ။ဒါကြောင့်သာမန်လူတွေထက်(ဒီဒဏ်ကို)ကျွန်မပိုခံနိုင်တယ်”လို့ ဟာကာကဆိုပါတယ်။
ဟာကာတစ်ယောက်အစာငတ်ခံတိုက်ပွဲကိုအေးအေးချမ်းချမ်းလုပ်ခွင့်ရတာတော့မဟုတ်ပါဘူး။ သမ္မတအလက်ဇန်းဒါးဗူချစ်ကိုထောက်ခံတဲ့တန်ပြန်သပိတ်အဖွဲ့တွေကသူမရဲ့တဲနဲ့မလှမ်းမကမ်းမှာ စခန်းချပြီး ညအချိန်မှာ ဟာကာအိပ်လို့မရအောင်လေဆာနဲ့ထိုးတာ၊ကျယ်လောင်တဲ့ဟဲဗီးရော့ သီချင်းတွေ ဖွင့်တာကိုလုပ်ကြပါတယ်။
သမ္မတဗူချစ်ဟာ၂၀၁၄ခုနှစ်ကတည်းကသမ္မတဖြစ်လာခဲ့ပြီး ရာထူးကဆင်းပေးမယ့်
အရိပ်အရောင်မပြသေးပါဘူး။ ဘူတာရုံပြိုကျမှုနဲ့ပတ်သက်ရင်တော့”တိုင်းပြည်မှာဥပဒေရှိပါတယ်”လို့သူက နယူးယောက် တိုင်းသတင်းစာကိုပြောပါတယ်။
(ဒါပေမယ့်အာဏာရှင်တို့ထုံးစံအတိုင်းပဲ)ဒါဟာသူ့အပေါ်မှာမူမတည်ဘဲ တရားရုံးပေါ်မှာပဲမူတည်တယ်လို့ဆိုပါတယ်။ ဟာကာနဲ့ပတ်သက်ရင်တော့သူမကိုအတိုက်အခံနိုင်ငံရေးသမားတွေကအသုံးချကြတာလို့ကသမ္မတကပြောတယ်။(ဟာကာကတော့သူမလုပ်သမျှအားလုံးဟာကိုယ့်စိတ်နဲ့ကိုယ်လုပ်တာဖြစ်တယ်လိုတုန့်ပြန်ပါတယ်။)
“သူတို့မျှော်လင့်ကြတာက ဒီဂျာနာဟာကာသေသွားမယ်၊ ဒါဆိုရင်လူတိုင်းက ကျွန်တော့်ကိုအပြစ်တင်ကြမယ်ပေါ့”လို့ သမ္မတကနယူးယောက်တိုင်းမ်ကိုမှတ်ချက်ပေးတယ်။ “သူ့အတွက်ကျွန်တော်ကစိတ်ပူတယ်၊ သူတို့ကစိတ်မပူတာ”လို့လည်းပြောပါတယ်။ ပြီးခဲ့တဲ့အပတ်ကဟာကာကိုအစာစားပါတော့လိုသူ ဖုန်းဆက်ပြောခဲ့ပါသတဲ့။
ပါလီမန်ထဲကအတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ဒရာဂန်ဂျီးလတ်စ်က “သူဆက်လုပ်နေရင်ကိုယ့်ကို ကိုယ်သတ်သေသလိုဖြစ်လိမ့်မယ်”လို့ဟာကာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးပါတယ်။
“ကျွန်တော်အရမ်းဝမ်းနည်းတယ်ဗျာ”လို့ဆိုပါတယ်။
အစာငတ်ခံဆန္ဒပြတာလဝက်နီးနီးရောက်လာတဲ့အခါဟာကာရဲ့ကျန်းမာရေးကသိသိသာသာကျဆင်းလာပါပြီ။ ညအခါမှာသူမတဲအနားမှာပြည်သူတွေကဖယောင်းတိုင်မီးတွေထွန်းညှိကြပြီးသူ့ကျန်းမာရေးအတွက်ဆုတောင်းကြပါတယ်။
ဟာကာကတော့ တိုက်ပွဲဝင်ကျောင်းသားတွေနဲ့အတူ သူမရှိနေမယ်လို့ဆိုတယ်။
“ကျွန်မတို့အတူတကွရှိနေရင်အင်အားပိုကောင်းတာပေါ့”
(ပြီးခဲ့တဲ့နိုဝင်ဘာ၁၆ရက်နေ့သတင်းမှာဒီဂျာနာဟာကာက အစာငတ်ခံဆန္ဒပြတာကိုရပ်တန့်လိုက်ပါပြီ။ ဒီလိုဆုံးဖြတ်ဖို့အတွက်သူမကိုခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ကလေးသူငယ်တွေ၊ ပြည်သူတွေစုဝေးပြီးမေတ္တာရပ်ခံခဲ့ကြပါတယ်။ တိုက်ပွဲကိုအသက်ရှင်လျက်နဲ့ဆက်တိုက်ဖို့အတွက်ဒီလိုဆုံးဖြတ်ခဲ့တာလို့ဟာကာကပြောပါတယ်။ဆားဘီးယားမှာတော့တော်လှန်ခေါင်းဆောင်တစ်ယောက်ပေါ်ပေါက်ခဲ့ပါပြီ။)
သူ
(The New York Times က The Unlikely Mother of A Movement, On a Hunger Strike to Avenge Her son နဲ့ youtube ကအချက်အလက်တွေကိုအခြေခံပြီးပြန်ရေးပါတယ်။)
The Tanintharyi Times
