ညီညွတ်တဲ့ စုဖွဲ့မှုမှ ကြီးမားတဲ့ အပြောင်းအလဲဆီသို့
ညီညွတ်တဲ့ စုဖွဲ့မှုမှ ကြီးမားတဲ့ အပြောင်းအလဲဆီသို့
တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်သူတို့ရဲ့ အင်အားဟာ အဓိကကျပါတယ်။ ပိုပြီးတိတိကျကျ ပြောရရင် ပြည်သူတို့ရဲ့ စုစည်းညီညွတ်မှု ခွန်အားပေါ့။ တစ်ယောက်ချင်းစီမှာ နည်းပါးတယ်လို့ ထင်ရပေမယ့် စုပေါင်းလိုက်ရင် စနစ်ဆိုးကြီးကို မြေလှန်ဖြိုလှဲပစ်နိုင်တဲ့ စွမ်းအားဟာ ပြည်သူတွေ လက်ထဲမှာ အပြည့်အဝရှိပါတယ်။
အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်တဲ့နေရာမှာ လက်နက်ကိုင် တော်လှန်ရေးအပြင် အခြားစစ်မျက်နှာစာ ပေါင်းစုံကလည်း သူ့ကဏ္ဍနဲ့သူ အရေးကြီးလှပါတယ်။ ဖက်ဆစ်တပ်ကို တိုက်ရိုက်ဖြိုလှဲတဲ့ နည်းလမ်းအပြင် အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် အထောက်အပံ့ပေးနေတဲ့ အာဏာရှင်ရဲ့ ခြေတံလက်တံတွေ၊ အာဏာရှင်ထောက်တိုင်တွေကို ဘက်ပေါင်းစုံကနေ စုရုံးတွန်းဖယ် ကြရပါမယ်။
ဒီလို အာဏာရှင်ကို ရေလောင်းပေါင်းသင်ပေးနေသူတွေကို ပြည်သူတစ်ယောက်ချင်းစီ အနေနဲ့ လုပ်နိုင်တာကတော့ လူမှုပြစ်ဒဏ် (Social Punishment) နဲ့ သပိတ်မှောက် (Boycott) ပြုလုပ်တာပါပဲ။ လူမှုပြစ်ဒဏ်နဲ့ သပိတ်မှောက်တာ အောင်မြင်ဖို့ဆိုရင် ပြည်သူတွေရဲ့ ညီညွတ်တဲ့ စုပေါင်းအင်အားဟာ သိပ်ကို အဓိကကျပါတယ်။
“မဝယ်ဘူး… မရောင်းဘူး…မသုံးဘူး” ဆိုတဲ့ “ဘူး” သပိတ်မှာ “အားမပေးဘူး” ဆိုတဲ့ တစ်ချက်လည်း ထပ်ဖြည့်လိုက်ချင်ပါသေးတယ်။ အထူးသဖြင့် အနုပညာရှင် ဆိုသူတွေရဲ့ ရုပ်ရှင်၊ ဂီတကို ကြည့်ရှုနားထောင် အားပေးကြတဲ့အခါ အားပေးသင့်သလား၊ မသင့်ဘူးလားဆိုတဲ့ တော်လှန်ပြည်သူတို့ရဲ့ အဆုံးအဖြတ်ဟာ သိပ်ကို အရေးကြီးလို့ပါ။
စစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို ရှောင်ရှားကြတာအပြင် အကြမ်းဖက်တပ်ကို အားပေးထောက်ခံနေတဲ့ အနုပညာရှင် ဆိုသူတွေကိုလည်း အားမပေးဘဲ သပိတ်မှောက် (Boycott) ကြဖို့ လိုပါတယ်။
အာဏာသိမ်းပြီးခါစ အချိန်တုန်းက အရှိန်အဟုန်ကောင်းခဲ့တဲ့ Boycott ဟာ အချိန်တစ်ခု ကြာလာတော့ အရှိန်လျော့သလို ဖြစ်သွားခဲ့တယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေဟာ ‘အဖြူရောင် အနုပညာရှင်’ လို့ ကိုယ့်ကိုယ်ကို ခေါင်းစဉ်တပ်ပြီး ပြည်သူတွေ အိတ်ထဲက ပိုက်ဆံကို နှိုက်ယူဖို့ ကြိုးစားချက်တွေက အရာရောက်သလို ဖြစ်လာခဲ့တယ်။
ဘယ်ရုပ်ရှင် ထုတ်လုပ်ရေး၊ ဘယ်ဒါရိုက်တာ၊ ဘယ်သရုပ်ဆောင်က အကြမ်းဖက်စစ်တပ်နဲ့ နှီးနွှယ်ဆက်စပ်သူပါလို့ သိနေရပေမယ့် ရုံတင်တဲ့ ရုပ်ရှင်ကားအသစ်တွေကို ဆက်အားပေးနေတာမျိုး ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီလို ပြည်သူတွေကို လှည့်စားလို့ရတာက ခဏတာပါပဲ။ အစစ်အမှန် မဟုတ်တဲ့ အရာတွေဟာ ဘယ်လောက်ဖုံးဖုံး အချိန်တန်ရင် အပုပ်နံ့တွေ ဟောင်ထွက်လာမြဲပါပဲ။
‘ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’ ဆိုတဲ့ ဇာတ်ကားက ပြည်သူတွေကို တပ်လှန့်လိုက်သလို ဖြစ်သွားစေခဲ့တယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ ထုတ်လွှင့်လိုက်တဲ့ အဲဒီဇာတ်ကားဟာ တော်လှန်ရေး လုပ်ဆောင်နေသူတွေ၊ CDM ပြုလုပ်ထားသူတွေကို စော်ကားပုတ်ခတ်တဲ့ စကားလုံးတွေ အများအပြား ထည့်သွင်းထားတယ်။
မတရား အာဏာသိမ်းထားတဲ့ စစ်ကော်မရှင်ကို ထောက်ခံနေတာက လူသတ်အကြမ်းဖက် လုပ်ရပ်ကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။ အဲဒီဇာတ်ကားမှာ သရုပ်ဆောင်ထားကြသူတွေဟာ လူသတ်အကြမ်းဖက် အာဏာရှင် သက်ဆိုးရှည်ဖို့ အားပေးထောက်ပံ့နေသူတွေဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။
ပြည်သူတို့ရဲ့ ဒုက္ခသောကကို မမြင်ချင်ယောင်ဆောင်ပြီး ကိုယ်ကျိုးစီးပွား တစ်ခုတည်းသာကြည့်တဲ့ အနုပညာရှင် ဆိုသူတွေကို ပြည်သူတွေ တကယ်ပဲ ရွံရှာစက်ဆုပ်သွားခဲ့ပါပြီ။ ပြည်သူတို့ရဲ့ Boycott လုပ်ရပ်တွေဟာ တစ်မုဟုတ်ချင်း ပြန်လည်ဦးမော့ အရှိန်ပြင်းလာပါတယ်။ စစ်တပ်ထောက်ခံသူတွေ ပါဝင်ထားတဲ့ ရုံတင်ပြသမယ့် ရုပ်ရှင်တွေ၊ သီဆိုဖျော်ဖြေမယ့် Show ပွဲတွေဟာ ချက်ချင်းပဲ ဖျက်သိမ်းလိုက်ရတာ၊ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရတာတွေ ဖြစ်လာပါတယ်။ အားရစရာ အကောင်းဆုံးကတော့ ထိုင်းနိုင်ငံမှာ ပြသမယ့် ‘ဗြောသံ’ ရုပ်ရှင်ကို သွားရောက် ကြည့်ရှုသူ မရှိဘူး ဆိုတဲ့ သတင်းပါပဲ။
သူတို့တစ်တွေဟာ သူတို့ကို ထမင်းကျွေးထားတဲ့ ပြည်သူတွေကို အမြဲတမ်း မထီမဲ့မြင် ပြုတတ်ကြပါတယ်။ အမှားတွေ ဘယ်လောက်လုပ်ထား လုပ်ထား၊ အလှူလေးလုပ်ပြ သနားစဖွယ်လေး လုပ်ပြလိုက်ရုံနဲ့ ပြည်သူတွေရဲ့ အားပေးမှုတွေ အလွယ်တကူ ပြန်ရမှာပဲလို့ တွေးထင်ထားကြတယ်။ ပြည်သူတွေရဲ့ Boycott လုပ်နိုင်စွမ်းကို ပျက်ရယ်ပြု လှောင်ပြောင်ခဲ့တဲ့ အဲဒီအနုပညာရှင် ဆိုသူတွေဟာ အခုတော့ ပြည်သူတွေရဲ့ စွမ်းအားဘယ်လောက်ပြင်းတယ်ဆိုတာ သိကြလောက်ပြီ ထင်ပါတယ်။
ကျွန်မတို့ ပြည်သူတစ်ယောက်ချင်းစီကလည်း မိမိတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို လျှော့မတွက်မိဖို့တော့ လိုပါတယ်။ သေးငယ်တဲ့ အရာတွေ စုပေါင်းလိုက်ရင် ကြီးမားတဲ့ အောင်မြင်မှု အပြောင်းအလဲတွေကို ဖြစ်စေနိုင်တယ် မဟုတ်ပါလား။ ညီညွတ်မှု၊ စုစည်းနိုင်မှုကသာ အခရာကျပါတယ်။
စုစည်းညီညွတ်မှုအကြောင်း တွေးမိတိုင်း ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တစ်ကားကို ခဏခဏ ပြန်သတိရမိတယ်။ ရှင်ဘုရင်ရဲ့ မိဖုရားခေါင်ကြီးဟာ အာဏာကို အလွဲသုံးစားပြုပြီး ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေခဲ့တယ်။ အသတ်ခံရသူတွေထဲမှာ သူဆင်းရဲ မိန်းကလေးတစ်ယောက်ရဲ့ မိခင်လည်း ပါဝင်တယ်။ သူ့မိခင် မတရား အသတ်ခံရတာကို ဖော်ထုတ်နိုင်ဖို့ဆိုရင် သူမတစ်ယောက်တည်း အင်အားနဲ့ မနိုင်မှန်း သိပါတယ်။
ဒါပေမယ့် မိန်းကလေးက ဇွဲမလျှော့ပါဘူး။ သူ့လို မတရားခံထားရတဲ့ သူတွေနဲ့ မိသားစုဝင်တွေကို တစ်ဦးချင်းစီ ချဉ်းကပ်စည်းရုံးပါတယ်။ အဲဒီစုဖွဲ့မှုကနေ သူတို့ရဲ့ အင်အားကို နန်းတွင်းက ဌာနအသီးသီးမှာ စိမ့်ဝင်နေရာယူထားစေတယ်။ အခက်အခဲမျိုးစုံ ကြားထဲကပဲ ရန်သူကို အနိုင်ယူနိုင်ဖို့ နှစ်ရှည်လများ ဇွဲမလျှော့တမ်း သူတို့တစ်တွေ ကြိုးစားအားထုတ်ကြတယ်။
နောက်ဆုံးတော့ လူအယောက်တစ်ရာနီးပါး သတ်ထားတဲ့ မိဖုရားခေါင်ကြီးရဲ့ ပြစ်မှုတွေကို ဖော်ထုတ်နိုင်ပြီး၊ တန်ခိုးထွားခဲ့တဲ့ မိဖုရားကို အပြစ်ပေးနိုင်တဲ့ နေ့ရက်ဟာ ရောက်လာခဲ့ပါတယ်။ မိဖုရားဟာ ဆင်းရဲတဲ့ ပြည်သူတွေကို အထင်သေးခဲ့တယ်။ အင်အားနည်းသူတွေဟာ အင်အားကြီးသူကို ဘာမှပြန်လုပ်နိုင်မှာ မဟုတ်လို့ ဂရုစိုက်စရာ မလိုဘူးလို့ ထင်နေခဲ့တယ်။
ဒါပေမယ့် အင်အားနည်းသူတွေ ရာနဲ့ထောင်နဲ့ချီ စုစည်းမိသွားတဲ့အခါ မတရားမှု ကျူးလွန်ထားသူဘက်က ဘယ်လောက်ပဲ အင်အားကြီးနေပါစေ။ လှဲဖြိုပစ်နိုင်တဲ့ အစွမ်းသတ္တိရှိတယ် ဆိုတာ သူမ သေဆုံးရမယ့်နေ့မှာ နားလည်သွားခဲ့တယ်။ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ မိဖုရားကို သူဆင်းရဲ မိန်းကလေးက နောက်ဆုံးစကားတစ်ခွန်း ပြောသွားတယ်။ “ပုရွက်ဆိတ်တွေလည်း စုစည်းညီညွတ်ရင် ကောင်းကင်ပေါ် တက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့” တဲ့။
အခုလည်း ကျွန်မတို့ ပြည်သူတွေ လုပ်ဆောင်နေတဲ့ Boycott ဟာ အရာရောက် အောင်မြင်တယ်ဆိုတာ ထိုင်းနိုင်ငံမှာ ပြသမယ့် ‘ဗြောသံ’ ရုပ်ရှင်ကို လာကြည့်သူ မရှိတာက သက်သေပါပဲ။ ဒီသပိတ်မှောက်မှု အရှိန်အဟုန်ကို ရေရှည်ဆက်ရှိနေအောင် ထိန်းသိမ်းထားကြရအောင်ပါ။
အကြမ်းဖက်စစ်တပ်နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ နှီးနွှယ်ပတ်သက်နေတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး၊ ဒါရိုက်တာ၊ ဇာတ်ဆောင် စတဲ့သူတွေရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပိုက်ဆံအကုန်ခံပြီး သွားရောက်အားမပေးဖို့ ထပ်ဆင့်တိုက်တွန်းချင်ပါတယ်။ ပြည်ပမှာတင် မကဘူး၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေလည်း သတ္တိရှိရှိနဲ့ စစ်တပ်လက်ပါးစေတွေကို Boycott လုပ်စေချင်ပါတယ်။
ရုံတင်ထားတဲ့ ရုပ်ရှင်ကို သွားမကြည့်တာက ဘယ်သူမှ လာပြီး ကိုယ့်ကို အပြစ်တင်လို့မရသလို၊ ဖမ်းဆီးချုပ်နှောင်လို့လည်း မရပါဘူး။ ကိုယ့်အိတ်ထဲက ပိုက်ဆံတွေလည်း လူသတ်အကြမ်းဖက် အားပေးတွေဆီ ရောက်သွားစရာအကြောင်း မရှိတော့ပါဘူး။ ‘ဘူး’ သပိတ်ရဲ့ ကြွေးကြော်သံ တစ်ခုဖြစ်တဲ့ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ဆိုတဲ့အတိုင်း ဖက်ဆစ်ဝင်ငွေကို ဖြတ်တောက်တဲ့နေရာမှာ ပါဝင်ကူညီပြီးသားလည်း ဖြစ်စေပါတယ်။
တကယ်လို့များ ရုပ်ရှင်က ဇာတ်လမ်းကောင်းလွန်းလို့၊ သရုပ်ဆောင်တွေက လှပလွန်းလို့ သရုပ်ဆောင်တာ ပီပြင်လွန်းလို့၊ တေးဂီတတွေကလည်း နားထောင်ကြည့်ရှုရတာ ကြိုက်နှစ်သက်လွန်းလို့ မရှောင်နိုင် မရှားနိုင် ကြည့်ချင် နားထောင်ချင် အားပေးချင် နေမိတယ်ဆိုရင် အောက်က ကိန်းဂဏန်း အချက်အလက်တွေကို ခဏလေး သတိရပေးပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ကနေ ယခု ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့အထိ အကြမ်းဖက် စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းမှာ (၇၄၄၄) ဦး ရှိသွားပါပြီ။ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလည်း သုံးသောင်းနီးပါး ရှိသွားပါပြီ။ အဲဒီ ကိန်းဂဏန်းတွေဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး တကယ့်မြေပြင်မှာ ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေဟာ ဒီထက်ပိုများပြားနိုင်ပါတယ်။
ကျွန်မတို့ ပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ စုပေါင်းအင်အားကို အသုံးပြုပြီး ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်တာ၊ သပိတ်မှောက်တာ(Boycott)နဲ့ လူမှုပြစ်ဒဏ်ခတ်တာ(Social Punishment) တွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်လုပ်ဆောင် သွားကြရအောင်ပါ။ ပြည်သူတို့ရဲ့ စုစည်းညီညွတ်ခြင်း အင်အားဟာ စနစ်ဆိုးကြီးတစ်ခုလုံးကိုတောင် လှဲဖြိုပစ်နိုင်တယ်ဆိုတာ သက်သေပြ ကြရအောင်ပါ။ ။
ငြိမ်းပန်
The Tanintharyi Times
