အဖိတ်အစင် ပြဇာတ်
အဖိတ်အစင် ပြဇာတ်

စိတ်ဟာ ငွေ့ငွေ့နဲ့ယဲ့ယဲ့ကလေး။ မနက်ခင်းဆိုရင် မျက်လုံးဖွင့် နိုးထမလာချင်ဘူး။ နိုးထလာရတဲ့ နေ့ရက် မနက် ခင်းတိုင်းမှာ ချစ်ရ၊ ခင်ရ ၊ မိတ်ဆွေ သင်္ဂဟ ဖြစ်ရသူတွေရဲ့ နာရေးတွေနဲ့ အစပြုရတဲ့အခါ စိတ်ဟာ တကယ့်ကို ပင် ပန်းနွမ်းနွယ်ရတယ်။
ဖြစ်ပြီးရင်ပျက်ရမယ်လို့တွေးပေမဲ့ ဒါဟာသဘာဝဖြစ်ပျက်မဟုတ်တော့ စိတ်ဟာ ထိထိခိုက်ခိုက်ကို နာကျင်ဝမ်းနည်းကြေကွဲရတယ်။
တစ်ခါတလေ မနက်ခင်းတွေဟာ ဘယ်သူ့ကိုမှပြောစရာ ဘာစကားတစ်ခွန်းတလေမှ ရှိမနေခဲ့ဘူး။ တိတ်တိတ်ကလေး။ ကိုယ့်ဝပ်ကျင်းလေးထဲ ကိုယ့်ဘာသာခွေခေါက်နေမိရင်း ကိုယ့်စိတ်ကိုယ့်ခန္ဓာရဲ့ဒဏ်ရာမှာကိုယ့်ချည်းသာ နာကျင်မှု တတိတိဖြစ်ခဲ့ပေါ့။
အဲဒီရဲ့နာကျင်ခြင်းဟာ ငါတို့ကိုယ်ငါတို့မသိလိုက်ခင်မှာဘဲ မီးအပူရှိန်မှာတမြည့်မြည့် လောင်ကျွမ်းအရည်ပျော်သွားတဲ့ဖယောင်းတိုင်လို အငွေ့ပျံပါးလျတစစမှာ ကိုယ့်ကိုယ်ကို တမြည့်မြည့်ပျောက်ကွယ်ရင်း ပျောက်ကွယ်နေခဲ့တော့တာပါပဲ။
အဖြစ်အပျက်တွေထဲ ငါတို့ဟာငါ့တို့ရဲ့အစစ်အမှန်ကို အရွယ်ရောက်ဖြတ်သန်းမှုမတိုင်ခင်ကနေ အရွယ်ရောက်ဖြတ်သန်းမှုတွေလွန်ခဲ့ချိန်tထိ ရှာဖွေနေရဆဲပဲကွာလို့ လည်ချောင်းတွေ ကွဲအက်ပေါက်ထွက်သွားအောင် အားကုန်အော် ဟစ်လိုက်မိတိုင်း လမ်းခုလတ်တွေထဲ လွင့်စင်ဖိတ်ကျသွားတဲ့ ကြယ်စတွေအတွက် လမ်းခုလတ်တွေ ဘယ်လောက်တောင်ထပ်ရှိနေဦးမယ့် ရှည်လျားတဲ့ ခရီးလမ်းလဲလို့လည်း မေးခွန်းထုတ်မိပြန်တယ်။
စိမ်းမြသစ်ရွက်တို့ ကြွေနေဆဲလို့ တေးရေးဆရာရေးခဲ့တာ အခုထိ မဟောင်းမနွမ်း သီဆိုနေရဆဲ သီချင်းဖြစ်ခဲ့ပြန် ပေါ့။
အမှတ်သညာစာရင်းထဲ ရှိသိတေးမှတ်ထားမိတဲ့ တယ်လီဖုန်းနံပါတ်တွေလည်း အခုအထပ်ထပ်အခါခါ နှိပ်မိတော့ တချို့တွေ ဖြေကြားသူမဲ့ ၊ တချို့တွေ မြည်သံမဲ့ ၊ တချို့တွေ ဆက်သွယ်မှုမဲ့ ၊ တချို့တွေ တဂျစ်ဂျစ်အသံနဲ့သာ ပြီးဆုံးခဲ့ ။ နံပါတ် တစ်ခုပြီးတစ်ခု၊ လူ တစ်ယောက်ပြီးတစ်ယောက်။
မဆုံတဲ့လမ်းကတော့ ထားပါတော့။ မဆုံးတဲ့လမ်းကရော တကယ်ရှိနေဦးမှာလားလို့ ချေးအထပ်ထပ်ညစ်ပတ် ပေ တူးလာတဲ့ ကလေးကို ရေအထပ်ထပ်ချိုး သန့်စင်ပေးမိသလို ကိုယ့်ဘာသာ အဖန်တလဲလဲ မေးခွန်းမေးမိပြန်တယ်။
တကယ်တမ်းမှာ သံသရာက လည်နေတာမဟုတ်ဘဲ ငါတို့ကသာ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာမှာဗဟိုပြုပြီး အဲဒီလွတ် လပ်မှုဆီ လည်ပတ်ခရီးဆက်နေမိခဲ့ကြတာတဲ့။ ကြီးကျယ်မြင့်မြတ်သောသူတို့ရဲ့ ခန်းမအလယ်စားပွဲပေါ် အလှပ ဆုံးပြင်ဆင်မှုအဖြစ် ပုံဖော်ခံထားရတဲ့သစ်သီးတွေလို ဓားနဲ့ခြစ်ခြစ်ပြီး ဖယ်ထုတ်ခံရလည်း ကျေနပ်နေခဲ့ရတာမျိုး ပါပဲတဲ့။ နံရံက နာရီရဲ့စက္ကန့်သံလို အဖြေဟာ တချပ်ချပ် မြည်နေခဲ့ပြန်တယ်။
အဲဒီမြည်သံက တစ်ယောက်ယောက်မရှိတော့ပြန်ဘူးဆိုတဲ့ သတင်းစကားကို နေ့ရက်တိုင်းယူလာနေခဲ့တဲ့ မနက် ခင်းတွေပါပဲ။
တံငါသည်က ငါးများများရအောင် ဘုရားသခင်ဆီဆုတောင်းတယ်။ ဖမ်းမိတဲ့ ငါးတွေထဲလည်း ရေကူးမကျွမ်းတဲ့ ငါး မပါဘူးလို့ ကဗျာဆရာက ဆိုတယ်။ ခေတ်ကြီးထဲ အဲဒီနှစ်ခုလုံးသော အကျိုးအကြောင်းမှာ ငါတို့က မျက်ရည်ကို သာ ဆာလောင်တဲ့အခါ သောက်သုံးဖို့ ထမ်းပိုးသယ်ဆောင်ခဲ့ရသူတွေအဖြစ် အခုခရီးကိုဆက်နေဖြစ်ရင်း ဆက်နေ မိခဲ့တာပေါ့။
အဲဒီလိုစခဲ့တဲ့ခရီးထဲ ရှော့ခ်တိုက်ယုတ်မာခံရတဲ့ အလိုရမ္မက်မှာငါတို့ပုခုံးထမ်းထားရတာဝဋ်တရားဆိုရင်တောင် လမ်းခုလတ်တွေပြီးဆုံးတဲ့ ခရီးဆုံးရောက်ဖို့ အဲဒီမနက်ခင်းတွေကို ကျော်ဖြတ်ရင်း ဆက်လျှောက်ကြတာပေါ့။ အခုတော့ နံရံတွေမရှိလည်း အကြိမ်ကြိမ်ပဲ့တင်ထပ်လာအောင် ငါ့ကောင်ရေလို့ အသံကုန်ညှစ် အာခေါင်ခြစ် ငါအော်ဟစ်ခေါ် နေမိတယ်။
ညီမင်းဆက်
The Tanintharyi Times