စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထားဝယ်ကိုရောက်နေ
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထားဝယ်ကိုရောက်နေ

စစ်သားနဲ့ရဲ အင်အားထောင်နဲ့ချီ မြို့ကိုလုံခြုံရေးတင်းကြပ်ထား
ထားဝယ်မြို့ပေါ်ကို ဒီနေ့မနက်ပိုင်းမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်နေပြီး တစ်မြို့လုံးကို စစ်သားနဲ့ရဲ အင်အားထောင်ဂဏန်းလောက်နဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြိုခံတွေက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ဒီနေ့ပြုလုပ်မယ့် ထားဝယ်မြို့တော်ခန်းမအသစ်ဖွင့်ပွဲကို လာရောက်တာဖြစ်ပြီး ထားဝယ်မြို့ဘုရားကြီးကိုလည်း သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
အခုလက်ရှိ စစ်သား၊ ရဲ၊ ပျူစောထီး နဲ့ မီးသတ်တွေက မြို့ပေါ်က နေရာတိုင်းလိုလိုမှာ လုံခြုံရေးတင်းကြပ်ထားပြီး အင်အား နှစ်ရာနီးပါးရှိတဲ့ယာဥ်တန်းကလည်း ကင်းလှည့်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“လမ်းဆုံတိုင်းမှာ ဒီကောင်တွေရှိတယ်။ ကမ်းနားလမ်းမှာ စစ်သားတွေ ကားတွေနဲ့ မည်းတူးနေတာပဲ။ အဲနားမှာတင် ရာဂဏန်းရှိတယ်။ တမြို့လုံးဆိုနဲ့ ထောင်ချီမယ်” လို့ ထားဝယ်မြို့ခံ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်တပ်က ကမ်းနားလမ်းတလျှောက်၊ လေယာဥ်ကွင်းလမ်းနဲ့ ထားဝယ်ဘုရားကြီးလမ်းတို့ကိုလည်း ဒီနေ့မနက်ပိုင်းမှာ သွားလာခွင့်မပေးဘဲ ပိတ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထားဝယ်မြစ်ထဲမှာလည်း စစ်သားနဲ့ ရဲတွေက မော်တော်ဘုတ်တွေ၊ စပိဘုတ်တွေနဲ့ အဆက်မပြတ်ကင်းလှည့်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“ကမ်းနားစျေးတောင် လမ်းကြားထဲကသွားပြီး မြန်မြန်ပြန်လာရတယ်။ လမ်းဘေးဆိုင်တွေလည်း ပိတ်ခိုင်းထားတယ်” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်ထားဝယ်မြို့ကိုမလာခင် မနေ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေက ကျေးရွာဆယ်ရွာလောက်ကိုလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲခဲ့ပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်းလည်း ဒဏ်ရာတွေရရှိခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ ထားဝယ်မြို့ကတဆင့် မြိတ်မြို့ကိုလည်း သွားရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
The Tanintharyi Times