မောတောင်မှာ ရေမော်တာတွေ ဆက်တိုက်အခိုးခံနေရ
မောတောင်မှာ ရေမော်တာတွေ ဆက်တိုက်အခိုးခံနေရ
တနင်္သာရီမြို့နယ်၊ မောတောင်မြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေမှာ ရေရရှိဖို့ အသုံးပြုတဲ့ ဒေသအခေါ် ရေမြှုပ်မော်တာလို့ ခေါ်တဲ့ ရေစုပ်စက်တွေ ဆက်တိုက်အခိုးခံလာရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်လောက်ကစလို့ အခုလ လလယ်အထိ ခိုးယူခံနေရတဲ့ရေမော်တာအလုံးရေ ခုနစ်လုံးထက်မနည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ကားဝေါ့ရှော့ က ဂဟေဆော်စက်နဲ့ လျှပ်စစ်မီးကြိုးတွေပါဖြုတ်ခိုးခံရတာရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရေမြှုပ်မော်တာတစ်လုံးကို ကျပ်တစ်သိန်းဝန်းကျင်ကစလို့ ကျပ်ငါးသိန်းဝန်းကျင်အထိ အစားအစားရှိပြီး ဂဟေဆော်စက်တစ်လုံးကတော့ လက်ရှိပေါက်ဈေးအရ ကျပ်ဆယ်သိန်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။
“ဘတ်တစ်ထောင်နဲ့ဝယ်သုံးနေတဲ့မော်တာ တစ်လုံးက ပျောက်သွားလို့ အခု ဘတ်သုံးထောင်တန်ဝယ်သုံးနေတာ နှစ်ပတ်လောက်ပဲသုံးရသေးတယ် ပျောက်သွားပြီ။” လို့ မောတောင်မြို့ခံ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရေမြှုပ်မော်တာ အခိုးခံရတဲ့အိမ်အားလုံးဟာ အိမ်အပြင်မှာ ရေတွင်းရှိတဲ့အိမ်တွေဖြစ်ပြီး ညဘက် အိမ်ရှင်တွေအိပ်ပျော်နေတဲ့အချိန်တွေမှာ အခိုးခံရတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပစ္စည်းခိုးတဲ့သူကိုမသိရပေမယ့် ပျောက်သွားတဲ့ ပစ္စည်းအားလုံးနီးပါးကို မောတောင်မြို့ဈေးထဲက အဟောင်းဆိုင်တစ်ဆိုင်နဲ့ ဆံသဆိုင်ကြီးတစ်ဆိုင်မှာ ဆေးအရောင်တင်ပြီး ပြန်ရောင်းနေတာကိုတွေ့ခဲ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“ဆိုင်ထဲမှာဖွက်ပြီးထားတာ ပေါ်တင်ထားတာမဟုတ်ဘူး။ ကျနော်တောင် မတော်တဆတွေ့ခဲ့တာ။ ဘေးအိမ်ကစက်ဆိုတော့မှတ်မိနေတယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပစ္စည်းတွေပြန်တွေ့ပေမယ့် ပြန်ရောင်းနေတဲ့ဆိုင်တွေဟာ စစ်ကောင်စီရဲတပ်ဖွဲ့တွေနဲ့ အဆက်အသွယ်ရှိနေတာကြောင့် သက်ဆိုင်ရာကို မတိုင်ရဲဘူးလို့လည်း မြို့ခံတွေက ဆိုပါတယ်။
မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ရှိပြီး အချက်အချာကျတဲ့မြို့ဖြစ်ပါတယ်။ တခါတလေ ပစ္စည်းပျောက်တာရှိပေယ့် အခုလိုမျိုး ရေမြှုပ်မော်တာတွေ ဆက်တိုက်ပျောက်တာမျိုးတော့ မရှိခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသဘက်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ရေမြှုပ်မော်တာ ပျောက်တဲ့ဖြစ်စဉ်တွေမကြာခဏ ရှိခဲ့ပါတယ်။
The Tanintharyi Times
