ထုံခါ-မောတောင်လမ်း ပြန်လည်ဖြတ်သန်းခွင့်ပြု
ထုံခါ-မောတောင်လမ်း ပြန်လည်ဖြတ်သန်းခွင့်ပြု
စစ်ရေးတင်းမာမှုတွေကြောင့် ပိတ်ထားတဲ့ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ဒီကနေ့မှာ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က ထုတ်ပြန်ပါတယ်။
အခုလအစက ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့တဝိုက်မှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာမှုတွေရှိနေပြီး ထုံခါ-မောတောင် လမ်းပိုင်းမှာ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တာကြောင့် ကော်သူးလေတပ်မတော်ဘက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဖြတ်သန်းသွားလာခွင့် စပိတ်ခဲ့တာပါ။
လမ်းပိတ်ချပြီး တစ်ပတ်အကြာ ဒီကနေ့မှာ စစ်ရေးတင်းမာမှုတွေ မပြေလည်သေးပေမဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတာကြောင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ကော်သူးလေတပ်မတော်က ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
“ စစ်ရေးအခြေအနေက ငြိမ်သွားပြီလို့လည်း ပြောလို့မရဘူး။ လက်ရှိအနေအထားပေါ်မူတည်ပြီး ပြန်ဖွင့်ပေးလိုက်တာ။ သူတို့ (စစ်ကောင်စီ) ဘက်က ပြောထားသလို စစ်ရေးအရ ပြင်းထန်စွာအရေးယူလာတာမျိုး မဖြစ်လာဘူး” လို့ KTLA ထီးဆဲမဲ့တပ်ရင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။
မောတောင်မြို့အတွင်းမှာ အခြေချထားတဲ့ စစ်တပ်က မြို့ပြင်မှာအခြေစိုက်လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေကို သုံးရက်အတွင်း နေရာကဆုတ်ခွာဖို့နဲ့ မဆုတ်ခွာရင် စစ်ရေးအရ အရေးယူတုံ့ပြန်မယ့်အကြောင်း အခုလ ၃ ရက်နေ့က ခြိမ်းခြောက်အကြောင်းကြားခဲ့တယ်လို့ KTLA ထီးဆဲမဲ့တပ်ရင်းရဲ့ ဒီဇင်ဘာ ၄ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကော်သူးလေတပ်မတော်ဘက်က အဲဒီအပေါ် ဆုတ်ခွာပေးမှာမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်ကာ တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးစွာထုတ်ပြန်ထားပြီး လမ်းပိတ်ချခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီဘက်က လှုပ်ရှားလာမှု မရှိတာကြောင့် လမ်းပြန်ဖွင့်လိုက်တာလို့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် မောတောင်မြို့ဒေသခံတွေ၊ ခရီးသွားပြည်သူတွေ၊ ကုန်သည်တွေနဲ့ ကုန်သည်တွေကိုမှီခိုပြီး အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေအရ ပြန်လည်ဖြတ်သန်းခွင့် ပြုခဲ့တယ်လို့လည်းထုတ်ပြန်ချက်က ဆိုပါတယ်။
“ မြို့အထွက်ကနေ လုံးဝပိတ်ချထားတော့ ရှေ့တပတ်လုံး မြို့ပြင်ထွက်ပြီး ဈေးရောင်းလို့မရဘူး။ ဝယ်ခြမ်းလို့လည်းမရဘူးပေါ့။ အခုလည်း ဖြတ်ခွင့်တော့ပြုလိုက်ပြီဆိုပေမဲ့ ကုန်ကားတွေတော့ အရမ်းကြီး မဖြတ်ရဲကြသေးဘူး” လို့ မောတောင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ထုံခါရွာနဲ့ မောတောင်မြို့ အုပ်ချုပ်ရေးရုံးအနီးမှာရှိတဲ့ ကော်သူးလေတပ်မတော် စစ်ဆေးရေးဂိတ်တွေကနေ လမ်းပိတ်ချခဲ့တာကြောင့် မောတောင်မြို့ပြင် အမှတ် (၃) ရွာ ညနေဈေးကို မြို့ခံတွေအနေနဲ့ ဈေးထွက်ခွင့်မရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လမ်းပြန်ဖွင့်လိုက်ပြီဖြစ်ပေမဲ့ မြို့ခံတွေအနေနဲ့ သတိထားသွားလာနေတုန်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မောတောင်မြို့ပြင် ဘော်လုံးကွင်းအနီးက ဘုရားတောင်ပေါ်မှာ ဒီဇင်ဘာ ၃ ရက်ကတည်းက လက်နက်ကြီးအထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကတော့ အခုထိရှိတုန်းပဲလို့ မြို့ခံတွေဆီက သိရပါတယ်။
The Tanintharyi Times
