ကရင်နီပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို စစ်ကောင်စီက ထိန်းချုပ်ကန့်သတ်နေ

ကရင်နီပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို စစ်ကောင်စီက ထိန်းချုပ်ကန့်သတ်နေ

ပုံစာ - ကရင်နီပြည်နယ်မှာ ရေကြီးနစ်မြုပ်နေတဲ့မြင်ကွင်း။

စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း စစ်ဘေးနဲ့ သဘာဝဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိန်းချုပ်ကန့်သတ်တာတွေ ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အောက်တိုဘာ ၂၈ ရက်မှာ ဖော်ပြလာပါတယ်။

ကရင်နီပြည်နယ်အတွင်း သဘာဝဘေးဆိုင်ရာအကျပ်အတည်းများနှင့် လူသားချင်းဆိုင်ရာ အကူအညီလိုအပ်ချက် အလွန်ကြီးမားနေတယ်လို့ ဆိုပါတယ်။

ဒါပြင်စစ်ကောင်စီကလည်း ဒေသတွင်းကုန်စည်စီးဆင်းမှုကို တားမြစ်ခြင်း၊ အကူအညီပေးရေးအဖွဲ့များနှင့်အကူအညီပေးမှုကို ကန့်သတ်ထိန်းချုပ်ခြင်းတို့ကြောင့် နိုင်ငံတကာအနေဖြင့် ပြည်သူအတွက်လိုအပ်သည့် အကူအညီကိုတိုးမြှင့်ပေးပါဖို့ကို IEC က တောင်းဆိုထားပါ တယ်။

“အရင်နဲ့ အခုနဲ့ပေါ့နော် အရမ်းကွာသွားတယ်။ ရေဘေးနဲ့ စစ်ဘေး ရောသွားတော့ ကရင်နီလူထုက ပိုဒုက္ခရောက်ရတယ်။ တချို့စစ်ဘေးရှောင်တွေက အလှူရှင်တွေအကူညီမရောက်တဲ့ စစ်ဘေးရှောင်နေရာတွေ အများကြီးရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အလှူရှင်တွေက အရင်ကနဲ့ အခုနဲ့ဆိုရင်မရှိသလောက်ကိုနည်းလာတယ်ဆိုတဲ့ဟာ ပြောလို့ရတယ်ပေါ့နော်။ စစ်ရှောင်တွေဆီ ရောက်ရှိမယ့် အကူအညီတွေကလည်း စစ်ကောင်စီက ပိတ်ဆို့မှုတွေလည်းရှိနေတယ်” လို့ ကရင်နီစစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက Connect Burma ကို ပြောပါတယ်။

စစ်ဘေးနဲ့ သဘာ၀ဘေးသင့်ပြည်သူတစ်သိန်းခွဲအတွက် စားနပ်ရိက္ခာ၊ သဘာဝဘေးသင့် အိမ်ထောင်စု နှစ်ထောင်နီးပါးအတွက် ပြန်လည်ထူထောင်ရေးနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ IEC က ဖော်ပြထားပါတယ်။

ဒါပြင်ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ စိုက်ပျိုးမြေ ဧက တစ်သောင်းကျော် ပြန်ပြုပြင်ဖို့အတွက် လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ဘေးနဲ့ ရေကြီးရေလျှံမှုဘေးတွေပါ ကြုံတွေ့နေရတဲ့ ကရင်နီပြည်နယ်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၇ သန်းကျော် လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကရင်နီဒေသမှာ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ယာဂီမုန်တိုင်းကြောင့် လွိုင်ကော်အပါအဝင် မြို့နယ်ပေါင်း(၁၀)ခုရှိ စစ်ဘေး ရှောင်ပြည်သူများနေထိုင်ရာ စစ်ရှောင်စခန်း(၁၆)ခုနှင့် ရွာပေါင်း(၅၄)ရွာမှ ပြည်သူများ ရေကြီးရေလျှံမှုအပြင် မြေပြိုမှုကို ရင်ဆိုင်တွေ့ကြုံခဲ့ရ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီမတိုင်ခင်ကလည်း ကရင်နီပြည်နယ်မှာ နယ်မြေတွင်းပဋိပက္ခများနှင့် စစ်တပ်က တားမြစ်ပိတ်ဆို့မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စစ်ဘေးရှောင်များနေထိုင်ရာ အချို့နယ်မြေများရှိ သောက်သုံးရေရှားပါးမှု၊ အလှူရှင်ရောက်ရှိမှုနည်းပါးခြင်းနှင့် အရေပြားနှင့် ဝမ်းရောဂါကဲ့သို့ ကျန်းမာရေးပြဿနာများ အဖြစ်များလေ့ရှိပါတယ်။

The Tanintharyi Times