ပုလော၊ ကျောက္ကာရွာအနီးစက်လှေတိမ်းမှောက်မှုမှာ အလောင်း ၁၁ လောင်းတွေ့

ပုလော၊ ကျောက္ကာရွာအနီးစက်လှေတိမ်းမှောက်မှုမှာ အလောင်း ၁၁ လောင်းတွေ့

ပုံစာ - ပုလောမြို့နယ်၊ ကျောက္ကာရွာအနီးပင်လယ်ပြင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့လှေတွေ။(ဓာတ်ပုံ - အရှင်ဣန္ဒက ကျောက္ကာကျွန်း)

ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး လှေတိမ်းမှောက်မှုမှာ သေဆုံးသူတွေရဲ့ အလောင်းတချို့တွေ့ထားပြီး တချို့ကိုလည်း အသက်ရှင်လျက်ပြန်တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ည ၉ နာရီခန့်က လူ ၈၀ ကျော်နဲ့ ကုန်တွေတင်ထားတဲ့စက်လှေတစ်စီးဟာ ကျောက္ကာရွာကနေ မြိတ်မြို့ကိုသွားမယ့်အချိန် လှေတိမ်းမှောက်ခဲ့တာပါ။

အဲဒီအထဲက ရုပ်အလောင်း ၁၁ လောင်းကိုပြန်တွေ့ထားပြီး လူ ၅၀ ကျော်ကိုကယ်ထားနိုင်ပြီလို့ သိရပါတယ်။ အဲဒီအထဲက တချို့ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ရှင်တဲ့သူတွေကလည်း အသက်ဘေးလွတ်ရုံဆိုလေးပဲ။ လှေနစ်တာ ကိုယ်တိုင်ကြုံခဲ့ရတော့ သွေးရူးသွေးတန်းတွေဖြစ်ကုန်ကြပြီ။” လို့ အသက်ရှင်လျက်လွတ်လာတဲ့သူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိရထားတဲ့ ရုပ်အလောင်းတချို့ကိုတော့ သက်ဆိုင်ရာမိသားစုဝင်တွေကလာယူသွားပြီဖြစ်ပြီး ရပ်ဝေးက ရုပ်အလောင်းကိုတော့ ကျောက္ကာရွာခံတွေက သင်္ဂြိုလ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ တိမ်မှောက်တဲ့လှေကိုပြန်ရပြီးဖြစ်ပြီး ပျောက်ဆုံးနေတဲ့အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလှေပေါ်မှ စစ်ရေးတင်းမာနေတဲ့ ပုလောမြို့နယ်၊ ရွာတချို့က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေနဲ့ သူတို့ရဲ့ပစ္စည်းတွေ၊ သီတင်းကျွတ်ကျောင်းပိတ်ရက် အိမ်ပြန်လာပြီး မြို့မှာကျောင်းတက်ဖို့ ပြန်သွားတဲ့ ကျောင်းသားတွေ၊ တခြားမြို့က အလှူတွေကို သွားမယ့် လူကြီးတွေ၊ ရန်ကုန်ဘက်က ခရီးသွားတွေနဲ့ ငါးပုံးတွေ ပါသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုလောမြို့နယ်အတွင်း ပလမြို့နဲ့ ကြဲကျေးရွာအုပ်စုတွေမှာ တိုက်ပွဲရက်ရှည်ဖြစ်ပြီး ပုလော – မြိတ်ကားလမ်းအသုံးပြုခွင့်မရဖြစ်နေတဲ့အချိန် ပိတ်မိနေတဲ့ခရီးသွားတွေက ရေလမ်းကိုအသုံးပြုသွားလာနေကြတာဖြစ်ပါတယ်။

The Tanintharyi Times