ကော့သောင်းလေဆိပ်က စစ်ကောင်စီဝန်ထမ်းတွေ ခရီးသည်တွေဆီကအဆမတန်ငွေတောင်း
ကော့သောင်းလေဆိပ်က စစ်ကောင်စီဝန်ထမ်းတွေ ခရီးသည်တွေဆီကအဆမတန်ငွေတောင်း

ကော့သောင်းမြို့ကို လေကြောင်းခရီးစဉ်နဲ့လာတဲ့ ခရီးသွားတွေဆီကနေ လေဆိပ်အာဏာပိုင်တွေ က အဆမတန် ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အခြားမြို့မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ကော့သောင်းမြို့ ကိုလေကြောင်းခရီးနဲ့လာရင် လေဆိပ်မှာရှိတဲ့ အာဏာပိုင်တွေကို ငွေပမာဏအမြောက်အမြားပေးနေရတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နှစ်စကတည်းက ကော့သောင်းလေဆိပ်မှာရှိတဲ့ ရဲနဲ့ မီးသတ်တပ်ဖွဲ့ယူနီဖောင်းဝတ်ထားသူတွေ၊ လူဝင်မှုကြီးကြပ်ရေးရုံးကဝန်ထမ်းတွေ၊ အရပ်ဝတ်နဲ့လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေကို ကျပ်နှစ်သိန်းပေးနေရပြီး အခုနှစ် နှစ်လယ်လောက်မှာတော့ ကျပ်နှစ်သိန်းခွဲထိ တိုးပေးနေရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။
“ဘတ်နှစ်ထောင်တောင်းတဲ့သဘောပေါ့။ ဘတ်ဈေးငြိမ်တုန်းက နှစ်သိန်း အခုကျပ်ငွေဈေးတွေတအားကျနေတော့ နှစ်သိန်းခွဲပေးနေရတဲ့ပုံစံပေါ့။ မပေးလို့မရတဲ့ခေတ်ဆိုလည်း ပေးနေရတယ်။” လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီလိုငွေပေးရာမှာလည်း အခြားမြို့မှတ်ပုံတင်ကိုင်ထားတဲ့ခရီးသွားတွေကို ကော့သောင်းလေဆိပ်မှာကြိုနေမယ့်သူက လေဆိပ်က အာဏာပိုင်တွေကို ပိုက်ဆံကြိုပေးထားရတယ်လို့ မြို့ခံတွေနဲ့ ကိုယ်တိုင်ကြုံခဲ့တဲ့သူတွေဆီကနေ သိရပါတယ်။
ဒီလိုငွေကြိုပေးထားမှ အခြားမြို့မှတ်ပုံတင်ကိုင်ထားတဲ့ခရီးသည်အနေနဲ့ ကော့သောင်းလေဆိပ်ကနေ ထွက်ခွာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ပိုက်ဆံကြိုမပေးထားတဲ့ ခရီးသည်တွေအနေနဲ့ ကော့သောင်းလေဆိပ်ကိုရောက်ပြီး လေယာဉ်ပေါ်ကဆင်းတာနဲ့ အာဏာပိုင်တွေက မှတ်ပုံတင်တစ်ခါတည်းတောင်းယူသိမ်းထားလိုက်ပြီး ဟိုတယ်တစ်ခုကိုခေါ်သွားတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူက ပြောပါတယ်။
“ကိုယ်စစီးမယ့် လေဆိပ်မှာ မှတ်ပုံတင်တွေပြရတယ်လေ အဲဒီကတည်းက စာရင်းတွေကကော့သောင်းလေဆိပ်ကိုရောက်နေပြီ။ ပိုက်ဆံကြိုမပေးထားပဲ ဒီတိုင်းသာသွားလိုက်ရင် သူတို့ဆီမှာရှိထားပြီးသားမှတ်ပုံတင်စာရင်းနဲ့အတူကြိုစောင့်နေတာ။” လို့ သရက်ချောင်းမြို့ခံအမျိုးသားတစ်ဦးက သူကြုံတွေခဲ့ရတာကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ အခုနှစ်တွေမှာ ထားဝယ်-ကော့သောင်းအသွားအပြန်နှစ်ကြိမ်လုပ်ဖူးပြီး နှစ်ကြိမ်စလုံးမှာ အခုလိုငွေပေးခဲ့ရတာဖြစ်တယ်လို့လည်း အဆိုပါအမျိုးသားက ပြောပါတယ်။
ဟိုတယ်မှာတစ်ညတည်းခိုင်းပြီး စထွက်လာတဲ့နေရာကိုပြန်လို့ရမယ့်ကားလက်မှတ်ကို လေဆိပ်က အာဏာပိုင်တွေဝယ်လာပေးပြီး နေရပ်ပြန်ကိုပို့တယ်လို့ ဆိုပါတယ်။ ဟိုတယ်တည်းခိုစရိတ်နဲ့ ကားလက်မှတ်စရိတ်တွေကိုလည်း ခရီးသွားကိုယ်တိုင်ပဲ ကုန်ကျခံရတယ်လို့ သိရပါတယ်။
“ဘာလို့ ကားလက်မှတ်ဝယ်ပြီး ကားနဲ့ပဲပြန်လွှတ်တာလဲဆိုတာလည်းမသိဘူး။ ဟိုတယ်ကလည်း သူတို့တည်းခိုင်းတဲ့နေရာမှာပဲ နေရတယ်။ ပိုက်ဆံတွေလည်း သောက်သောက်လဲထပ်ကုန်တယ်။” လို့ သရက်ချောင်းမြို့ခံအမျိုးသားက ပြောပါတယ်။
ကော့သောင်းလေဆိပ်က အာဏာပိုင်တွေကို ငွေကြိုပေးရတာမသိဘဲ ရောက်လာတဲ့ အခြားမြို့မှတ်ပုံတင်ကိုင်ဆောင်ထားသူ ခရီးသွားတွေအနေနဲ့ ဟိုတယ်မှာတစ်ရက်နေပြီး နေရပ်မပြန်လိုရင် နှစ်သိန်းခွဲထက်ပိုတဲ့ပမာဏကိုပေးဆောင်နေရတယ်လို့လည်း ကော့သောင်းမြို့ခံတွေနဲ့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။
ပိုက်ဆံနှစ်သိန်းခွဲပေးနေရတာဟာ အာဏာပိုင်တွေက ပေါ်တင်တောင်းနေတဲ့ငွေပမာဏဖြစ်ပြီး အကူဝန်ထမ်းတွေကနေ တောင်းတာက တစ်သောင်းကနေ ရှစ်သောင်းလောက်ထိရှိနေတယ်လို့ ကော့သောင်းမြို့ခံတွေဆီက သိရပါတယ်။
“သုံးဘီပေါ်ကနေအထုပ်ချတာနဲ့ လူတစ်ယောက်က အထုပ်ကိုချက်ချင်းလာဆွဲသွားတယ်။ ကီလိုတွေချိန်တဲ့အချိန်ထိ အားလုံးပြီးတဲ့အထိ ဘေးကနေလိုက်ကူညီပေးနေတာ အစတော့ ဝန်ထမ်းတွေက ကူညီနေတယ်ပဲထင်တာပေါ့။ နောက်တော့ ပိုက်ဆံသုံးသောင်းတောင်းပါလေရော” လို့ ကော့သောင်းမြို့ခံ CDM ကျောင်းသားတစ်ဦးက ပြောပါတယ်။
အဲဒီလိုပိုက်ဆံတောင်းရာမှာလည်း သူကူညီလို့သာ တဆင့်ပြီးတဆင့် အဆင်ပြေပြေ ကျော်ဖြတ်လာနိုင်တယ်ဆိုတာနဲ့ အဆင့်ဆင့် လာဘ်ငွေပေးထားရတာကြောင့် ပိုက်ဆံတောင်းရတာဖြစ်တယ်လို့ ပြောဆိုပြီး ငွေတောင်းယူခဲ့တာလို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ကော့သောင်းမြို့ကို ကော့သောင်း-ရန်ကုန်-ထားဝယ် ပြေးဆွဲနေတဲ့ ကမ္ဘောဇလေကြောင်းလိုင်းနဲ့ မြန်မာ့လေကြောင်းခရီးစဉ်တို့နေ့စဉ်ရှိပြီး လေယာဉ်တစ်ခေါက်မှာ ခရီးသည် ၄၀ နဲ့အထက် ကော့သောင်းမြို့ကို ဝင်ရောက်နေတာဖြစ်ပါတယ်။
The Tanintharyi Times