ကော့သောင်းမှာ ထိုင်းဘတ်ငွေ တစ်ထောင်တန်အတုတွေ တွေ့လာရ
ကော့သောင်းမှာ ထိုင်းဘတ်ငွေ တစ်ထောင်တန်အတုတွေ တွေ့လာရ

ကော့သောင်းမြို့မှာ ထိုင်းဘတ်ငွေအတုတွေ ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရတယ်လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့မြို့ခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အတုအနေနဲ့ ထိုင်းငွေ ဘတ် ၁၀၀၀ တန်တွေ အဓိကတွေ့ရတာလို့ ဆိုပါတယ်။ ငွေအတုတွေကို အလုပ်သိမ်းလို့ ပိုက်ဆံတွေပြန်စီတဲ့အခါကျမှ သတိထားမိတာလို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကုန်စုံဆိုင်ရှင်တွေက ပြောပါတယ်။
ပိုက်ဆံအတုဟာ စာရွက်သား အသားကွာသလို၊ ပိုက်ဆံမှာပါတဲ့ လုံခြုံရေးငွေကြိုးလည်း မတူကြောင်း၊ ပိုက်ဆံရေစာမှာ ထိုင်းဘုရင့်ပုံလည်း မပါဘူးလို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူတွေ ထံက သိရပါတယ်။
“ဘတ်ကို အတုထုတ်တာက ရှားလည်းရှားတယ်။ ကြုံလည်း မကြုံဖူးဘူး။ ဒီတော့ဘတ်ဆိုရင်ဒီဘက်မှာ အတု၊ အစစ်မစစ်ဘူး။ အကုန်သိမ်းတာ။” လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ကျပ်ငွေတန်ဖိုးကျလာတာနဲ့အမျှ ကျပ်ကို ဘတ်ငွေနဲ့လဲကာ သိမ်းလာကြတာကို အခွင့်ကောင်းယူကာ အတုတွေထုတ်လာတာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
မြို့ခံတွေကလည်း ပိုက်ဆံအတုတွေတွေ့တာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို တိုင်ရင်လည်း နိုင်ငံခြားဝင်ငွေနဲ့ပတ်သက်ပြီး ကိုင်ဆောင်တာကို ပြဿနာရှာခံရမှာစိုးလို့ မတိုင်ရဲကြဘူးလို့ ပြောပါတယ်။
ဒါကြောင့် ပိုက်ဆံအတု၊ အစစ်နဲ့ပတ်သက်လို့ လက်ခံသူတွေကိုယ်တိုင် ဂရုတစိုက် စစ်ဆေး၊ ကိုင်တွယ်နေရတယ်လို့ သိရပါတယ်။
ဘတ်ငွေအတုတွေ့တာနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေက ဆိုရှယ်မီဒီယာတွေမှာ သတိပေးတာတွေ ရေးသားနေကြသလို၊ ကြုံတွေ ရတာတွေကိုလည်း မျှဝေနေကြတာကို တွေ့ရပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့ကို ငွေအတုတွေ ဘယ်လို စီးဆင်းလာတယ်ဆိုတာကို စိစစ်ရခက်ခဲပြီး အဓိကကတော့ ဘတ်လဲဆိုင်၊ ကုန်စုံဆိုင်နဲ့ စျေးတွေထဲကနေ အတုတွေပါလာတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းနေကြပါတယ်။
ကော့သောင်းမြို့ခံတွေရဲ့ပြောပြချက်အရ ဈေးကွက်မှာ ထိုင်းဘတ်ငွေအတုတွေ တွေ့ရသလို မြန်မာငွေတစ်သောင်းတန်၊ ကျပ်ငါးထောင်တန် အတုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရတယ်လို့ သိရပါတယ်။
The Tanintharyi Times