တနင်္သာရီရိုးမဆင်တွေ ပြန်လာပြီ၊ ငါတို့ ဘာလုပ်ကြမလဲ
တနင်္သာရီရိုးမဆင်တွေ ပြန်လာပြီ၊ ငါတို့ ဘာလုပ်ကြမလဲ

အခုနှစ် ဖေဖော်ဝါရီလထဲ ခရီးသွားရင်းနဲ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲက ထိုင်း-မြန်မာနယ်စပ် ရွာတစ်ရွာနားရောက်တော့ ဒေသခံတွေဆီက သတင်းထူးတစ်ခု ကြားရပါတယ်။
“ဆင်ရိုင်းတွေ ပြန်လာတယ်”တဲ့။
ဆင်အုပ်ကြီးက အတော်များတယ်လို့ ဆိုတယ်။
တိတိကျကျ ဘယ်သူမှ မပြောနိုင်ကြပေမယ့် ဒေသခံတွေရဲ့ အတွေ့အကြုံအရ ဆင်ခြေရာတွေ၊ ဆင်အုပ်သွားလမ်းတစ်လျှောက်က အခြေအနေတွေကို ကြည့်ပြီး၊ ကြားရတဲ့ အသံတွေကို နားထောင်ပြီး အကောင်ရေ ၅၀ ထက် မနည်းဘူးလို့ ခန့်မှန်းကြပါတယ်။
ဆင်အုပ်အနားတော့ ဘယ်သူတွေမှ မကပ်ရဲကြပါဘူး။
အရင်လ ၂၄ ရက်နေ့က နယ်စပ် ကျေးရွာချင်းဆက် လမ်းပိုင်းအချို့ပေါ်မှာ လတ်လတ်ဆတ်ဆတ် ဆင်ချေးတုံးတွေ နေရာအတော်များများမှာ တွေ့ခဲ့ရပါတယ်။ တွေ့ခဲ့ရတဲ့ ဆင်ခြေတုံးတွေက အရွယ်စုံ၊ ဆိုဒ်စုံပါပဲ။
ဆင်အုပ်ကြီး ပြန်လာတဲ့သတင်းက အဲဒီနယ်က ဒေသခံတွေအတွက်တော့ စိုးရိမ်စရာ တစ်ခုပါ။
လူတွေကို အန္တရာယ်ပြုမှာ၊ နေအိမ်တွေ၊ စိုက်ခင်းတွေကို ဖျက်ဆီးသွားမှာ စိုးကြလို့ပါ။
အခုလာတဲ့ ဆင်အုပ်ကြီးက ခုထိတော့ လူတွေ၊ စိုက်ခင်းတွေကို တစ်စုံတရာ အန္တရာယ် မပြုသေးပါဘူးတဲ့။
ဒီလို တောဆင်ရိုင်းအုပ်ကြီး သူတို့ဒေသ(တနင်္သာရီရိုးမအလယ်ပိုင်း)ကို ရောက်မလာတာ ဆယ်စုနှစ်ချီနေပြီလို့ ပြောပါတယ်။
ဒေသခံတွေ အရပ်ပြော ပြောကြတာကတော့ ဒီနယ်စပ်တောင်တန်းတွေမှာ ဆင်ရိုင်းတွေ ခိုဖို့ တော မရှိတော့တာနဲ့ သူတို့ စားဖို့ အပင်တွေ မရှိတော့တာကြောင့် တောတောင်ထူထပ်တဲ့ ထိုင်းဘက်က မြန်မာနယ်စပ်သစ်တော(ထိုင်းအမျိုးသားဥယာဉ်)တွေဆီ ရောက်ကုန်ကြတာတဲ့။
ခေတ်အဆက်ဆက် အထိန်းအကွပ်မဲ့ သစ်၊ သတ္တု ထုတ်ယူမှုတွေရဲ့ အကျိုးဆက်အနေနဲ့ ဆင်ရိုင်းတွေ စားကျက်ပြောင်းကုန်တာပေါ့လေ။
ဆင်စွယ်နဲ့ အဖိုးတန် ဆင်ထွက်ပစ္စည်းတွေ ရယူရောင်းချကြတဲ့ ဆင်မုဆိုးတွေကြောင့်လည်း တောရိုင်းဆင်တွေ သေဆုံးနေခဲ့ပါတယ်။
ခုတော့ တနင်္သာရီရိုးမအလယ်ပိုင်းက တောဆင်ရိုင်းတွေ ပြန်လာနေပါပြီ။ ငါတို့ ဘာလုပ်ကြမလဲ။
တောဆင်ရိုင်း အကောင်ရေ
ကမ္ဘာပေါ်မှာ ဆင် နှစ်မျိုး ရှိပါတယ်။ အာရှဆင်နဲ့ အာဖရိကဆင်ပါ။ မြန်မာနိုင်ငံအပါဝင် နိုင်ငံ ၁၃ နိုင်ငံမှာပဲ အာရှဆင်တွေ ရှိတာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာဆိုရင် ကမ္ဘာပေါ်မှာ အာရှင်ဆင် ငါးသောင်းလောက်ပဲ ကျန်ရှိတော့ပြီး အာရှတိုက်မှာတော့ အိန္ဒိယနိုင်ငံက အာရှဆင် အများဆုံး၊ မြန်မာနိုင်ငံသည် ဒုတိယအများဆုံးလို့ မြန်မာ့သစ်တောဌာနတာတန်ရှိသူတွေက ဆိုထားပါတယ်။
မြန်မာ့သစ်လုပ်ငန်းကနေ သတင်းမီဒီယာတွေကို ပြောဆိုထုတ်ပြန်တဲ့ အချက်လက်အရ မြန်မာနိုင်ငံမှာ ၁၉၄၁ ခုနှစ်တုန်းက တောဆင်ရိုင်း အကောင်ရေ တစ်သောင်းကျော် ရှိပါတယ်။
၁၉၈၀ ခုနှစ်အတွင်း တောဆင်ရိုင်း ၆ ထောင်ကျော်၊ ၂၀၀၆ ခုနှစ်လောက်မှာတော့ ၄ ထောင်ကျော်၊၂၀၁၀ – ၁၁ လောက်မှာ အကောင်ရေ ၂၅၀၀ ရှိခဲ့ပြီး ၂၀၁၉ လောက်မှာတော့ အကောင်ရေ ၁၅၀၀ ကနေ ၂၀၀၀ ကြားသာ ရှိတော့တယ်လို့ သိရပါတယ်။
တောင်ဆင်ရိုင်းတွေဟာ မြန်မာနိုင်ငံထဲမှာ တနင်္သာရီတိုင်းအပါအဝင် ကချင်ပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်း၊ ရှမ်းရိုးမ မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ ချင်းတွင်းမြစ် အထက်ပိုင်းနဲ့ တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်၊ ကယားနဲ့ ကရင်ပြည်နယ်၊ ပဲခူးရိုးမ၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးမြို့နယ်တွေမှာ နေထိုင်ကျက်စားပြီးတော့ ဧရာဝတီတိုင်းဒေသကြီးမှာတော့ တောဆင်ရိုင်းအများဆုံး ကျက်စားနေထိုင်ပါတယ်။
တစ်ချိန်က တနင်္သာရီရိုးမတလျှောက်မှာ တောရိုင်းဆင် အကောင်ရေ ဘယ်လောက် သွားလာကျက်စားနေထိုင်ခဲ့တယ်ဆိုတာ ခိုင်မာတိကျတဲ့ မှတ်တမ်းမှတ်ရာကောင်းကောင်း မတွေ့ရပါဘူး။
အစိုးရမဟုတ်တဲ့ ကမ္ဘာ့သားရဲတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တစ်ခုက ၂၀၁၇ ခုနှစ် ဝန်းကျင်က တနင်္သာရီရိုးမဆင်တွေကို ခြေရာခံမှတ်တမ်းယူဖို့ စီစဉ်ခဲ့ဖူးပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ပျက်သွားခဲ့ပါတယ်။
ရိုးမဆင်နဲ့ လူသားတို့ စားကျက်လုပွဲ
တနင်္သာရီရိုးမဆင်ရိုင်းတွေ တစစ ပျောက်ကွယ်ရွေ့ပြောင်းသွားကြခြင်းရဲ့ လက်သည်ကြီးကတော့ “တနင်္သာရီတိုင်းသည် မြန်မာ့ဆီအိုးကြီး ဖြစ်စေရမည်” ဆိုတဲ့ အလုပ်မဖြစ်ခဲ့တဲ့ စစ်အစိုးရစီမံကိန်းကြီးကြောင့်လို့ ဆိုနိုင်ပါတယ်။
၁၉၇၂ ခုနစ်လောက်က စခဲ့တဲ့ အဲဒီ ဆီအုန်းစိုက်ခင်းစီမံကိန်းဟာ မြေလှန်အပြောင်ရှင်းစနစ် စိုက်ပျိုးရေးအမျိုးအစားဖြစ်ပြီး တနင်္သာရီရိုးမအနောက်ဘက်ခြမ်းတကျောလုံးကို အခြေစိုက်ပါတယ်။
မြိတ်နဲ့ ကော့သောင်းခရိုင်မှာဆိုရင် ရိုးမအရှေ့အနောက် ထိုင်း-မြန်မာနယ်စပ်တကျောထိ အပြောင်ရှင်း စိုက်ပျိုးခဲ့တာပါ။ ဆိုတော့ ဆင်နဲ့ သားရဲတိရိစ္ဆာန်အား အားလုံးရဲ့ ခုံအောင်းနေထိုင်ရာနဲ့ စားကျက်မြေအားလုံး ပျက်စီးခဲ့ပါတယ်။
နေစရာ စားစရာမရှိတော့တဲ့ ဆင်နဲ့ သားရဲတိရစ္ဆာန်တွေဟာ ဆက်စပ်တောအုပ်တွေဖြစ်တဲ့ ထိုင်းဘက် ရောက်ကုန်ပါတယ်။ အချို့ကတော့ သူတို့နေရာ(လူတို့ရဲ့ စိုက်ခင်းသစ်)က မခွာဘဲ ပေကပ်ရွှေ့လျားနေထိုင်ကြရင်း ဆီအုန်းပင်တွေနဲ့ အခြားစိုက်ခင်းတွေထဲက အပင်တွေကို ဝင်ရောက်စားသောက်ကြပါတယ်။ ဒီမှာ လူနဲ့ ဆင်/သားရဲတိရစ္ဆာန်တို့ရဲ့ စားကျက်လုပွဲတွေ၊ ရန်သတ်ပွဲတွေ ပေါ်လာပါတော့တယ်။
တိုင်းလွှတ်တော်က ဆင်ဖမ်းပွဲ
အထူးသဖြင့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှာ ဆင်နဲ့လူ ပဋိပက္ခတွေ ပိုများခဲ့ပြီး ဆင်နင်းခံလို့ လူသေဆုံးတာတွေ၊ စိုက်ခင်းကို ဝင်ရောက်ဖျက်ဆီးပါတယ်ဆိုတဲ့ အသံတွေ၊ ကော့သောင်း-မြိတ် အမှတ် ၈ လမ်းမပေါ် တက်လာပြီး ခရီးသွားကားတွေ သွားရေးလာရေး အခက်တွေ့ရပါတယ်ဆိုတဲ့အသံတွေ ညံစီလာခဲ့ပါတယ်။
၂၀၁၅-၂၀၂၀ လွှတ်တော်သက်တမ်းက ဘုတ်ပြင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟာ သူနိုင်သလောက် ဖြေရှင်းခဲ့ပါတယ်။၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ တနင်္သာရီတိုင်းလွှတ်တော်မှာ အဆိုတစ်ခု တင်ပါတယ်။
“ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်” အဆိုပါ။
ဘုတ်ပြင်းနဲ့တကွ တနင်္သာရီရိုးမတကျောက ဆင်တွေ၊ ကျားတွေကို ထိုင်းဘက်လည်း မသွားနိုင်အောင်၊ ဆီအုန်းတောတွေ လမ်းတွေပေါ် ရောက်လာခြင်းမှလည်း ကာကွယ်နိုင်အောင် အကုန်ဖမ်းပြီး အနီးဆုံးကျွန်းကြီးတစ်ကျွန်းဖြစ်တဲ့ ဘုတ်ပြင်းက လန်ပိ(Lanbi)ကျွန်းကြီးမှာ ရွှေ့ပြောင်းနေရာချထားပေးရေး အဆိုတင်ခဲ့ပါတယ်။
ထောက်ခံသူတွေက ထောက်ခံပြီး ကန့်ကွက်သူမရှိ အဆိုအောင်ခဲ့ပါတယ်။
လန်ပိကျွန်းဟာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမျိုးသား အဏ္ဏဝါ ဥယျာဉ် (Marine National Park )အဖြစ် ၁၉၉၆ ခုနှစ်က သတ်မှတ်ထားပါတယ်။ ဒါအပြင် အာဆီယံ အမွေ အနှစ် ဥယျာဉ်အဖြစ်လည်း၂၀၁၃ခုနှစ်က သတ်မှတ်ခဲ့ပါတယ်။
အဲလို အာဆီယံအဆင့်၊ နိုင်ငံတော်အဆင့်၊ မျိုးတုံးတော့မယ့် သတ္တဝါတွေ စုဝေးရာကျွန်းတစ်ခုပေါ် ရိုးမဆင်တွေ၊ကျားတွေ သယ်မယ့်အဆို အောင်ခဲ့ဖူးပါတယ်။ ကျွန်းဟာ စတုရန်းမိုင်(၇၉. ၀၄)မိုင်(၅၀၆၁၇ ဧက) ကျယ်ဝန်းပြီး တောင်မြောက် အရှည်မိုင်(၃၀)၊ အရှေ့အနာက် အကျယ် ဆုံး(၇)မိုင်ခန့်ရှိတယ်ဆိုပေမယ့် ရိုးမဆင်များ၊ ကျားများ အသက်ရှင်နေထိုင်နိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့တယ်။
အဏ္ဏဝါဗေဒဆိုင်ရာ အပင်မျိုးစိတ်ပေါင်း(၂၅၂)မျိုးကို မှတ်တမ်းထင်ထားရှိတဲ့ ကျွန်းပေါ်ကို မကြာမီ တောဆင်တွေ ကျားတွေ ရောက်လာတော့မှာလားလို့ တိုင်းသူတိုင်းသားတွေ တွေးပူခဲ့ကြ ပါသေးတယ်။ နောက်ပိုင်းမှာ အဆိုရှင်လွှတ်တော်ကိုယ်စားလှယ်ရော၊ အကောင်အထည်ဖော်ရမယ့်အစိုးရရော အဲဒီကိစ္စ မေ့မေ့ပျောက်ပျောက်။
၂၀၁၉ ခုနှစ်မှာတော့ တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းတစ်လျှောက်မှာ တောဆင်ရိုင်းသတိပေးဆိုင်းဘုတ် ခုနှစ်ခု ပေါ်လာပါတယ်။
“ဤနယ်မြေသည် တောဆင်ရိုင်းများ ဖြတ်သန်းသွား လာလေ့ရှိသဖြင့် သတိပြု ဖြတ်သန်း သွားလာကြပါရန်နှင့် ပစ်ခတ်ခြောက်လှန့်မောင်းနှင်ခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်” တဲ့။
ဘုတ်ပြင်းမြို့နယ် သစ်တောဌာနက စိုက်ထူခဲ့တာ ဖြစ်ပါတယ်။ ဆိုင်းဘုတ်တွေကြောင့် ရိုးမဆင်တွေ အန္တရာယ် ကင်းသွားခဲ့ပါသလား။
ဆင်နဲ့ လူကြား ဘယ်သူတွေ မှား
၂၀၁၀မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တောဆင်ရိုင်းသေဆုံးမှုနဲ့ သတ်ဖြတ်ခံရမှု ၁၀၇ ကောင်အထိရှိခဲ့တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနက သတင်းမီဒီယာတွေကို ၂၀၁၆ ခုနှစ်မှာ ဖြေဆိုဖူးပါတယ်။
၂၀၁၅ ခုနှစ် တစ်နှစ်ထဲမှာ တောင်ဆင်ရိုင်း ၁၉ ကောင်အထိ သတ်ဖြတ်ခံခဲ့ရပါတယ်တဲ့။
ဆင်တွေရဲ့ အစိတ်အပိုင်းတွေကို လူသုံးအလှကုန်ပစ္စည်းအပြင် ဆေးဘက်ဝင်တယ်ဆိုပြီးတော့လည်း သုံးစွဲကြကြတဲ့အတွက် ပြည်တွင်းမှာလည်း ဆင်ထွက်ပစ္စည်းဈေးကွက် ရှိနေပြန်ပါတယ်။အထူးသဖြင့်ကတော့ နယ်စပ်ကတဆင့် ပြည်ပ ပို့ကြတာပါ။
တောရိုင်းတိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို အဓိက ရောင်းဝယ်ဖောက်ကားတဲ့ဈေးကွက်ဟာ တရုတ်မြန်မာနယ်စပ် မုန်းလားဒေသဖြစ်ပြီး အဲ့ဒီကနေ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံဘက်က အဝယ်များတယ်လို့ WWF တာဝန်ရှိသူတစ်ဦးက မီဒီယာတွေကို ပြောဆိုဖူးပါတယ်။
ဆင်အစိတ်အပိုင်း အများဆုံး ဝယ်လိုအားကတော့ တရုတ်ပြည်၊ ဗီယက်နမ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီယား၊ အိန္ဒိယတို့သို့ သွားနေတယ်လို့ ခန့်မှန်းထားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုဖူးပါတယ်။
တနင်္သာရီတိုင်းမှာလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၀ ဒီဇင်ဘာလ အထိ တစ်နှစ်ကျော်ကာလအတွင်း တောဆင်ရိုင်းသုံးကောင် သတ်ခံခဲ့ရကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနက အထောက်အထားနဲ့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အသတ်ခံရတဲ့ သုံးကောင်စလုံးဟာ ဘုတ်ပြင်းမြို့နယ်ထဲက ဆီအုန်းခြံတွေထဲနဲ့ ဆီအုန်းခြံ အနီးတဝိုက်မှာပါ။ ထူးခြားတာကတော့ သတ်သူတွေဟာ ဆင်မုဆိုးတွေ မဟုတ်တာပါပဲ။
သေဆုံးခဲ့တဲ့ တောဆင်ရိုင်းတွေမှာ အစွယ်၊ အရိုး၊ ခွာတို့၊ နှာမောင်းတို့ ဖြတ်တောက်ယူသွားတာမျိုးမတွေ့ရလို့ ဆင်မုဆိုးများက သတ်တာမဟုတ်ဘဲ ဆင်နဲ့ လူပဋိပက္ခကြောင့် သတ်ခံရတာဖြစ်နိုင်တယ်လို့ တနင်္သာရီတိုင်းသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းက သုံးသပ်ခဲ့ပါတယ်။
တောဆင်တို့နဲ့ လူသားတို့ စားကျက်လုရင်း လူနဲ့ ဆင် ပဋိပက္ခ ပိုပိုကြီးထွားလာရင်း အပြန်အလှန် သတ်ဖြတ်မိကြတာပါပဲ။
သစ်တောဦးစီးဌာနကကတော့ ဆင်တွေကို မသတ်ဖို့ ဆင်ရိုင်းများကျက်စားတဲ့ ဒေသတွေမှာ ဆိုင်းဘုတ်ထူတာ၊ စည်းရုံးဟောပြောတာတွေ လုပ်ခဲ့ပါသေးတယ်။ လူနဲ့ ဆင် ပဋိပက္ခကတော့ ဆက်ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာတင် ဘုတ်ပြင်းမှာ ဆင်နင်းခံရလို့ အမျိုးသား တစ်ဦးသေပြီး တစ်ဦးက ဒဏ်ရာအပြင်းအထန် ရခဲ့ပါသေးတယ်။ စိုက်ခင်းတွေ နေအိမ်တွေဆီ ဆင်ရိုင်းအုပ်စုလိုက် ဝင်ရောက် ဖျက်ဆီးတယ်ဆိုတဲ့သတင်းတွေကလည်း မကြာခဏ တွေ့နေရဆဲပါ။
ဆင်ရဲ့ သဘာဝတန်ဖိုး
ဆင်တွေကို The Good Gardeners လို့ခေါ်တဲ့ ဥယျာဉ်မှူးကောင်းအဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။
ဆင်က နွယ်ကြိုက်ပြီး သစ်ပင်နွယ်တွေကို ချိုးစားရာ နွယ်တက်နေသော သစ်ပင်တွေက နွယ်ရှင်းသွားပြီး ကြီးထွားဖွံ့ဖြိုးလာကြောင်း ပညာရှင်တို့က ဆိုညွှန်းပါတယ်။
ဆင်အုပ် သွားလာတဲ့ နေရာများက ရှင်းလင်းသွားကာ အလင်းဖွင့်လိုက်တာမျိုး ဖြစ်သွားပြီး ဆင်တွေနင်းသွားတဲ့ ဆင်ခြေရာကွက်ကြီးတွေကလည်း မိုးတွင်းဆို ခြေရာခွက်ကာ ရေဝင်ရာကနေ ရေထိန်းသလိုဖြစ်လာပါတယ်။ ဆင်ရှိနေတဲ့ တောထဲမှာ တရားမဝင် သစ်ခုတ်၊ ဝါးခုတ်တဲ့သူ မသွားရဲတဲ့အတွက် တောစောင့်ရှောက်တဲ့ တောတောင်ကာကွယ်ရေးသမားတာဝန်ပါ ဆင်တို့က ယူပေးကြတယ်လို့ ပညာရှင်တို့က ပြောပါတယ်။
ဒါကြောင့် တောဆင်ရိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်တာဟာ သစ်တောကို ထိန်းသိမ်းတာပါဖြစ်ကြောင်း၊ သစ်တောတွေကို ထိန်းတာဟာ ဖောက်ပြန်တဲ့ ရာသီဥတုတွေ လျော့ပါးသွားအောင် ရာသီဥတုကောင်းမွန်အောင်၊ လုပ်ဆောင်တာပဲဖြစ်ကြောင်း၊ ရာသီဥတုကို အမှီပြုနေရတဲ့လူတွေအတွက် သစ်တောတွေကို ထိန်းပေးနေတဲ့ ဆင်တွေရှိတာဟာ သွယ်ဝိုက်သောနည်းနဲ့ လူတွေကို အကျိုးပြုနေတာကြောင့် တောဆင်ရိုင်းတွေကို ကာကွယ်ထိန်းသိမ်းဖို့ လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်တို့က ဆိုကြပါတယ်။
ဆင်ထိန်းသိမ်းရေး
တောဆင်ရိုင်းထိန်းသိမ်းရေးကို ဆောင်ရွက်နေတဲ့နေရာမှာ နည်းပညာ၊ ဝန်ထမ်းအင်အား၊ ရန်ပုံငွေ အခက်ခဲတွေ ရှိခဲ့တာကတော့ ခေတ်အဆက်ဆက်ပါပဲ။
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေက တောဆင်ရိုင်းတွေကို ကာကွယ်စောင့်ရှောက် ပေးနေတဲ့ အဖွဲ့တွေကို ရန်ပုံငွေ ထောက်ပံ့တာတွေရှိပေမယ့် လက်တွေ့မှာ မလုံလောက်ဘူးလို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဖွင့်ဟကြပါတယ်။
၂၀၁၅-၂၀ ခုနှစ် အရပ်သားအစိုးရလက်ထက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကတော့ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေကို လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ စာရင်းမှာ ထည့်သွင်းကာ အဆင့်မြင့်ဆုံး ကာကွယ် စောင့်ရှောက်ထားကြောင်း၊ သက်ဆိုင်ရာဌာနတွေ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး တောဆင်ရိုင်းတွေ ထိန်းသိမ်း ကာကွယ်ခြင်း၊ သတ်ဖြတ်မှုကို အရေးယူတားဆီးခြင်း၊ ဆင်နဲ့ ဆင်အစိတ်အပိုင်းတွေ တရားမဝင် သယ်ဆောင် ရောင်းဝယ်ခြင်း တို့ကို တိုက်ဖျက်တာတွေ ဆောင်ရွက်နေကြောင်း ၂၀၁၉ ခုနှစ်က လွှတ်တော်မှာ ပြောခဲ့ဖူးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တိုင်းဒေသကြီး၊ ပြည်နယ်တပ်ဖွဲ့တွေမှာ တောဆင်ရိုင်းတွေ တရားမဝင် သတ်ဖြတ်ခံရတာတွေကို ကြိုတင်တားဆီးဖို့နဲ့ တောရိုင်းတိရစ္ဆာန် တရားမဝင်ကူးသန်းရောင်းဝယ်သူတွေကိုလည်း ဖော်ထုတ်အရေးယူဖို့ ထိရောက်တဲ့ တားဆီးနှိမ်နင်းရေး အစီအမံတွေ ရေးဆွဲအကောင်အထည်ဖော်နေကြောင်းလည်း ဝန်ကြီးက ပြောခဲ့ဖူးပါတယ်။
၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ တောဆင်ရိုင်းတွေ တရားမဝင် သတ်ဖြတ်မှုနဲ့ တရားခံ ၅၆ ဦးကို တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ (၁၉၉၄)၊ ပုဒ်မ ၃၇(က) နဲ့ အရေးယူခဲ့ကြောင်းလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ စာရင်းမှာ ဖော်ပြထားဖူးပါတယ်။
၂၀၁၈ ခုနှစ်၊ မေလမှာ ပြဋ္ဌာန်းခဲ့တဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ တောဆင်ရိုင်းတွေနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ချတဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။
ဒါက အာဏာ မသိမ်းမီက အရပ်သားအစိုးရ ချမှတ်ခဲ့တာတွေပါ။
ကဲ.. ရိုးမဆင်တွေ ပြန်လာပြီ- ဘာလုပ်ကြမလဲ
တနင်္သာရီရိုးမဟာ လက်ရှိကာလမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေပါ။
လတ်လတ်ဆတ်ဆတ် ဆင်ချေးတုံးတွေ တွေ့ရတဲ့ ရိုးမအလယ်ပိုင်းက ကျေးရွာချင်းဆက်လမ်းပိုင်းတွေကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ လှုပ်ရှားသွားလာ တင်းပြည့်ထိန်းချုပ်ထားနိုင်ပြီးတဲ့ဒေသလို ဖြစ်နေပါပြီ။
တနင်္သာရီရိုးမဆင်တွေ တစ်ဘက်နိုင်ငံကို ပြန်မသွားရေး၊ လူနဲ့ဆင်ကြား ပဋိပက္ခအသစ်တွေ ထပ်မဖြစ်ပွားရေး လုပ်ဆောင်ရမယ့်အချက်တွေကတော့ ခုလို တော်လှန်ရေးကာလမှာ သူတို့အတွက် စိန်ခေါ်ချက် ကြီးလွန်းနေပါတယ်။
ဆိုတော့ တနင်္သာရီရိုးမဆင် ရိုးမမှာ နေပျော်ရေး ဘယ်သူတွေ ဘာလုပ်သင့်ပါသလဲ။
ဘယ်သူ့ကို မေးရမလဲ။
ဆင်တွေကိုချစ်တဲ့ ဒေသခံတယောက်ကတော့ ခုလို ပြောပါတယ်။
“ဆင်ချေးတုံးတွေက အများကြီးဗျ။ အရွယ်စုံပဲ။ ကားလမ်းတွေပေါ်မှာ အကြောက်အလန့်မရှိ ပါချထားတာ။ သူတို့ကို လူတွေက မောင်းမထုတ်စေချင်ဘူးဗျာ။ သူတို့က လူတွေကို ကြောက်တာဗျ။ ကြောက်ပြီး အဝေးကြီးကို မထွက်သွားစေချင်ဘူးဗျာ”
လင်းခ
The Tanintharyi Times