တနင်္သာရီနဲ့ မြိတ်ပြေးဆွဲနေတဲ့ ဒို့တောရွာအမြန်ရေယာဉ် ရပ်နားထားတာ တစ်လကျော်ပြီ
တနင်္သာရီနဲ့ မြိတ်ပြေးဆွဲနေတဲ့ ဒို့တောရွာအမြန်ရေယာဉ် ရပ်နားထားတာ တစ်လကျော်ပြီ
တနင်္သာရီနဲ့ မြိတ်မြို့ကို ပြေးဆွဲနေတဲ့ ဒို့တောရွာအမြန်ရေယာဉ် ရပ်နားထားတာ တစ်လကျော်ရှိနေပြီမို့ ကုန်းလမ်းမပေါက်ဘဲ ရေလမ်းသာပေါက်တဲ့ ဒေသက နေထိုင်သူတွေ သွားလာရေးအခက်တွေ့နေ ရပါတယ်။
“ဒီတိုင်း ကုန်းတတန် ရေတတန် ကူးတို့နဲ့ကူးကူးပြီးပဲ သွားနေတယ်။ အမြန်ယာဉ်က အခုပုံဆို မျှော်လို့မရတော့ဘူး။” လို့ ရော်ဘာရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့ သက်လတ်ပိုင်းအရွယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒို့တောရွာ” အမြန်ရေယာဉ်ရဲ့ပိုင်ရှင်ဆိုသူ ဦးတင်ရှိန်ဟာ မြန်မာရေပိုင်နက်ကနေတဆင့် မလေးရှားရေပိုင်နက်ထဲကို မူးယစ်ဆေးသယ်ယူဖို့ကြိုးစားခဲ့တဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့နဲ့အတူ ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ဆုံးအပတ်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဖမ်းဆီးခံလိုက်ရပြီးနောက် အမြန်ရေယာဉ် ရပ်နားထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးအလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)ရဲ့ ထုတ်ပြန်ချက်မှာလည်း မူးယစ်မှောင်ခိုဂိုဏ်းနဲ့ဖမ်းဆီးရမိတဲ့အထဲမှာ ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅တန်၊ လက်နက်/ခဲယမ်းတွေနဲ့ထိန်းချုပ်ဓာတုပစ္စည်းတွေပါဝင်သလို မြိတ်မြို့နဲ့တနင်္သာရီမြို့မှာရှိတဲ့ဦးတင်ရှိန်ပိုင်နေအိမ်တွေမှာလည်း သေနတ်အပါအဝင်သူ့ရဲ့ကိုယ်ပိုင်လက်နက်တွေ၊ မော်တော်ယာဉ်တွေနဲ့ ပိုက်ဆံတွေကို သိမ်းယူခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
ဒေသခံတွေကတော့ အမြန်ရေယာဉ်တွေအပါအဝင် ဦးတင်ရှိန်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို စစ်ကောင်စီက သိမ်းထားလိုက်ပြီလို့ ပြောဆိုနေကြပါတယ်။ တနင်္သာရီတိုင်းမ်အနေနဲ့ ကတော့ ရေယာဉ်အသိမ်းခံရခြင်း ဟုတ်မဟုတ် သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ရေယာဉ်ရပ်နားထားတဲ့ ကာလအတွင်းမှာတော့ ရေလမ်းကိုသာ အားကိုးနေရတဲ့ ပဝ၊ လယ်သစ်၊ သာရဖုံစတဲ့ကျေးရွာအုပ်စုနေသူတွေကတော့ ကုန်းလမ်းကနေ သွားနိုင်ဖို့အတွက် တနင်္သာရီမြစ်ရဲ့ တဖက်မှာရှိတဲ့မော်တုံးရွာကို လှေနဲ့တဆင့်ကူးပြီးမှသာ ကားနဲ့တဆင့် သွားနေရတယ်လို့ ဆိုပါတယ်။
ရပ်နားထားတဲ့ ရေယာဉ်ဟာ အခုကာလမတိုင် ခင်မှာ ပြေးဆွဲတဲ့လမ်းကြောင်းပေါ်က တိုက်ပွဲတွေနဲ့ ရေယာဉ်ဝန်ထမ်းဆီက မူးယစ်ဆေးဖမ်းမိတဲ့ ဖြစ်စဉ်တွေကြောင့် သုံးကြိမ်ရပ်နားခဲ့တာ ရှိခဲ့ဖူးပါတယ်။
မြိတ်-တနင်္သာရီပြေးဆွဲနေတဲ့အမြန်ရေယာဉ်ခရီးစဉ်ဟာ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာကနေ တနင်္သာရီမြစ်ကြောင်းတလျှောက်နဲ့ မြိတ်ကမ်းရိုးတန်းကိုပြေးဆွဲနေတာဖြစ်ပြီး မနက် ၇ နာရီစထွက်ကာ မြိတ်မှာ တစ်ရက်အိပ်ပြီး နောက်တစ်နေ့မနက် ၉ နာရီမှ မြိတ်က ပြန်လည်ထွက်ခွာတာပါ။ စစ်အာဏာမသိမ်းခင်ကတော့ တစ်ရက်တည်း အသွားအပြန်ပြေးဆွဲတယ်လို့ သိရပါတယ်။
The Tanintharyi Times
