ရခိုင်မှာ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်ကြားဝင်ဆွေးနွေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ်တရုတ်သံမတ်ပြော
ရခိုင်မှာ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်ကြားဝင်ဆွေးနွေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ်တရုတ်သံမတ်ပြော
ရခိုင်ပြည်နယ် အပစ်အခတ်ရပ်စဲ ရေးအတွက် တရုတ်နိုင်ငံ အနေနဲ့ ကြားဝင်စေ့စပ်ဆွေးနွေးထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen ကပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ အာဘော် သတင်းဌာနတစ်ခုဖြစ်တဲ့ Bangladesh Sangbad Sangstha (BSS) မှာဖော်ပြထားပါတယ်။
တရုတ်သံအမတ် Yao Wen ဟာ အသစ်ခန့် အပ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ် နဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ Bangladesh Sangbad Sangstha (BSS) ကဖော်ပြထားပါတယ်။
တရုတ်သံအမတ် Yao Wen နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ် တို့ဟာ မနေ့က (ဇန်နဝါရီ ၁၈ )မှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ နှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ နယ်နိမိတ် ခြင်းထိပ်နေတဲ့ ရခိုင်ပြည်နယ် မြန်မာ စစ်ကောင်စီ နဲ့ ရက္ခိုင့်တပ်တော် AA တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရ ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲ လိုလားကြောင်း သဘောထားတွေကို ထုတ်ပြောခဲ့တယ်လို့ BSS ရဲ့ ရေးသားဖော်ပြချက်အရသိရှိရပါတယ်။
“ တရုတ်အစိုးရ ရဲ့ ကြားဝင်စေ့စပ်မှုတွေ ကို နှစ်ဖက်စလုံး လိုလားတယ်” လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen ကပြောဆိုခဲ့တာဖြစ်ပါတယ်။
နှစ်ဖက် အပစ်အခတ်ရပ်စဲ ဖို့ သဘောတူညီချက် ၃ ခုရှိထားပြီး အပစ်အခတ်ရပ်စဲရေး ကို စတင်အကောင်အထည်ဖော်လို အပ်နေတယ်လို့လည်း Yao Wen ကပြောကြားခဲ့ပါတယ်။
သို့သော်လည်း ဘယ်လို အချက်အလက်တွေ သဘောတူညီထားတယ်ဆိုတာကိုတော့ Bangladesh Sangbad Sangstha (BSS) ရဲ့ ရေးသားဖော်ပြချက်မှာ မတွေ့ရပါဘူ။
တရုတ်သံအမတ် Yao Wen နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး တို့ဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန် နိုင်ရေး နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသေးတယ်လို့ သိရှိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နဲ့ ပတ်သက်လို့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် နိုင်ငံတကာ အနေနဲ့ ယုံကြည်မှုရှိဖို့လည်း တရုတ်သံအမတ်က မေတ္တာရပ်ခံခဲ့တယ်လို့ဆိုပါတယ်။
“နေရပ်ပြန်ရေးကိစ္စက ကျနော်တို့ တော်တော်လေး လေးလေးနက်နက် ဆွေးနွေးခဲ့တဲ့ ကိစ္စပါ။ ခက်ခက်ခဲခဲ နေ့ရက်တွေကို ရင်ဆိုင်ရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုရှိဖို့လိုတယ်” တရုတ်သံအမတ် Yao Wen က Sangbad Sangstha (BSS) ကိုဖြေကြားခဲ့တယ်လို့သိရပါတယ်။
Sangbad Sangstha (BSS) ဟာ ဘင်္ဂလားဒေရှ့် အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ သတင်းအေဂျင်စီ တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ်အနီး က တိုက်ပွဲ တွေ အပစ်အခတ်ရပ်စဲထားဖို့ အတွက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ပြီး “ဟိုင်ဂင် သဘောတူညီမှု” ကို ရက္ခိုင့်တပ်တော် AA ၊ တအောင်းတပ်မတော် TNLA ၊ ကိုးကန့်တပ်မတော် MNDAA တို့ နဲ့ စစ်ကောင်စီ အကြား သဘောတူ လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။
ထွက်ပေါ် နေတဲ့ သတင်းတွေ အရ “ဟိုင်ဂင် သဘောတူညီမှု” မှာ တရုတ် – မြန်မာ နယ်စပ် ဒေသမှာရှိတဲ့ ကိုးကန့် ဒေသ နဲ့ တအောင်း ဒေသတို့ အတွက် သာဖြစ်ပြီး ရခိုင်ပြည်နယ် အတွက်အကြုံးမဝင်ဘူးလို့ သုံးသပ်ရေးသားမှုတွေရှိနေပါတယ်။
ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီက ရခိုင်ပြည်နယ် မြို့နယ်အများစုကို လေကြောင်းတိုက်ခိုက်မှုတွေ ၊ လက်နက်ကြီး နဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်နေ့ ညမှာ အာဏာသိမ်း စစ်ကောင်စီ က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို လေကြောင်းကနေပြီး ဓာတုဓာတ်ငွေ့အဆိပ်ဗုံး ကြဲချမှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံတစ်ချို့မှာ ခေါင်းမူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ပိုင်းမှာ ရခိုင်ပြည်အတွင်းက မြို့နယ် ပေါင်း ၁၀ မြို့နယ် စစ်ကောင်စီ နဲ့ AA တို့အကြား တိုက်ပွဲတွေ နေ့စဉ် ရက်ဆက်ဖြစ်ပွားနေတာဖြစ်ပြီး AA က မြို့နယ် နှစ်ခု နဲ့ စစ်ကောင်စီတပ်စခန်း နဲ့ တပ်ရင်းအများအပြား ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times
