တနင်္သာရီမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွားအမျိုးသားတစ်ဦးကို ဖမ်းဆီး
တနင်္သာရီမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွားအမျိုးသားတစ်ဦးကို ဖမ်းဆီး
တနင်္သာရီမြို့အဝင်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ခရီးသွားတစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ လယ်တောင်ယာရွာသား အသက် ၃၇ နှစ်အရွယ် ကိုနိုင်ချို ဖြစ်ပြီး မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ သူ့ရဲ့ရွာကနေ တနင်္သာရီမြို့ကို လာတဲ့အချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သူဟာ မြို့ပေါ်မှာနေတဲ့ သူငယ်ချင်းဆီကို မနက် ၉နာရီခွဲကတည်းက ထွက်သွားပြီး ၁၁ နာရီခွဲလောက်ထိပြန်မရောက်လာတဲ့အတွက် မိသားစုတွေက လိုက်မေးမှ ဖမ်းခံရမှန်းသိတာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကိုနိုင်ချိုကို PDF တွေနဲ့ အဆက်အသွယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးကနေ မိသားစုဝင်တွေဆီကို လာရောက် အကြောင်းကြားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပြပါတယ်။
ဒေသခံတွေကတော့ ဖမ်းဆီးခံရသူ ကိုနိုင်ချိုမှာ ကိုယ်ပိုင်ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းလည်း မရှိတာကြောင့် ဒီစွပ်စွဲချက်ဟာ လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒီကနေ့အထိ ကိုနိုင်ချိုကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာကို မသိရသေးသလို သူငှားစီးသွားတဲ့ဆိုင်ကယ်ကိုတော့ ဗိုလ်ချုပ်ကြေးရုပ်အနီးက ဘုန်းကြီးကျောင်းဝင်းထဲမှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့အဝင်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား အနည်းဆုံး ငါးဦးခန့်က ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးလေ့ရှိပြီး လမ်းသွားလမ်းလာတွေဆီကနေ ငွေတောင်းတာနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ စစ်ဆေးရေးဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ လဆန်းပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။
The Tanintharyi Times
